ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ကျေးရွာတွေထဲကို ဝက်ဝံတကောင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့ပြီး ဝက်ဝံကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဝက်ဝံဟာ ဇွန် ၁၀ ရက်က ကြံခင်းမြို့နယ်၊ ပေါက်နွယ်စမ်းအုပ်စုရှိ စမ်းကျေးရွာနဲ့ မဲဇလီကျေးရွာထဲကို ရုတ်တရက်ရောက်လာပြီး ဦးမြင့်လှိုင်၊ ဒေါ်မချိုနဲ့ ဦးတင်မောင် တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဝက်ဝံက စမ်းကျေးရွာတွေကို အရင်ရောက်လာတာ၊ စမ်းရွာက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို လက်နဲ့ကုတ်သွားတာ။ အဲဒီကနေ ထွက်ပြေးသွားပြီး မဲဇလီကျေးရွာ အရောက်မှာ ဦးတင်မောင်ချိုရဲ့ လက်နဲ့ ခြေထောက်ကို ထပ်ကုတ်ခဲ့တာ။ အဲဒါနဲ့ ရွာသားတွေ လိုက်ဖမ်းကြတာ ဘယ်လိုနဲ့ ဖမ်းမရတာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားလို့ စစ်ကောင်စီရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ရတာ” လို့ ပြောပါတယ်။
အဲဒီ ဝက်ဝံတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ ၃ ယောက်ဟာ ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ လက်ရှိ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်ရိုးမအတွင်း ကျက်စားလေ့ရှိတဲ့ ဝက်ဝံဟာ လမ်းမှား ရောက်ရှိလာတာဖြစ်ပြီး စစ်ကောင်စီ လက်နက်ကိုင်တွေက စနစ်တကျမဖမ်းဘဲ သတ်ဖြတ်ဖမ်းဆီးတာကြောင့် သဘာဝတောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်သူတွေနဲ့ လူထုအကြား ဝေဖန်နေကြပါတယ်။
သဘာဝတောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “တောရိုင်းတိရစ္ဆာန်ဥပဒေအရ အခုလို ဝက်ဝံမျိုးစိတ်က ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်မျိုးစိတ်ဖြစ်တယ်။ ဖမ်းဆီးသတ်ဖြတ်ရင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်တယ်လို့ ဥပေဒမှာ ပြဋ္ဌာန်းထားတယ်လေ” လို့ ပြောပါတယ်။
အဲဒီ ပစ်ခတ်ဖမ်းဆီးခံရတဲ့ ဝက်ဝံဟာ သက်ကြီးပိုင်းအရွယ်ဖြစ်ပြီး ဝက်ဝံအသေကို ရဲတွေက သယ်ယူသွားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။