Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် ဖုန်းအတွင်း VPN တွေ့သဖြင့် ဒေသခံ ၇ ဦး ဖမ်းဆီးခံရ
DVB
·
June 13, 2024

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဇွန် ၁၁ ရက်နဲ့ ၁၂ ရက်မှာ ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေမှာ VPN ထည့်သွင်းအသုံးပြုတာကြောင့်ဆိုပြီး အရပ်သား ၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က VPN အသုံးပြုထားတာကြောင့်ဆိုပြီး ဖမ်းထားသူတွေဟာ အမှတ် ၃ ရပ်ကွက်က တယောက်၊ အမှတ် ၅ ရပ်ကွက်က ၂ ယောက်၊ အမှတ် ၆ ရပ်ကွက်က ၂ ယောက်၊ ကျေးရွာဘက်က ၂ ယောက်ဖြစ်ပြီး အားလုံး အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်က ဦးဆောင်ပြီး ရဲနဲ့ ပျူစောထီးအဖွဲ့တွေက ၁၁ ရက်နေ့ကတည်းက VPN အသုံးပြုတာရှိ မရှိ လမ်းဆုံ လမ်းခွတွေ စစ်ဆေးနေတာ။ လက်ရှိ VPN သုံးတာကြောင့်ဆိုပြီး အဖမ်းခံရတာ ၇ ယောက်အထိ ရှိလာပြီ” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲဒီ ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတပ်က မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ပြန်လွှတ်ပေးဖို့အတွက် ငွေသိန်း ၆၀ ထက်မနည်း တောင်းယူနေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “စကစတပ်က ဦးဆောင်လုပ်နေတာ။ ၂ ရက်ရှိပြီ၊ VPN သုံးမသုံးကို ရက်ဆက် စစ်ဆေးနေတာ။ အဖမ်းခံရသူတွေ ပြန်လွှတ်ပေးဖို့ မိသားစုတွေကိုခေါ်ပြီး ငွေတောင်းနေတာ ဟုတ်တယ်။ မပေးရင် ဘာလုပ် ညာလုပ်မယ် ခြိမ်းခြောက်ခံရတယ်။ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းနဲ့ မတူဘူး၊ အနုကြမ်းစီးနေတဲ့အဖွဲ့ပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက ဦးဆောင်ပြီး အလုပ်သွားချိန် ရုံးတက်ချိန် ဒီနေ့ ဇွန် ၁၃ ရက် မနက်ပိုင်း မြို့တွင်း လမ်းဆုံနေရာတွေမှာ အလုပ်သမားတွေ၊ ပညာရေး ဆရာ၊ ဆရာမတွေရဲ့ ဖုန်းတွေ၊ အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေထဲမှာ VPN အသုံးပြုထားတာ ရှိ၊ မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo - Kyaw Htoo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013