Home
မြန်မာသတင်း
မြန်မာပြည် ဒေသအချို့တွင် ဖုန်းထဲ VPN ရှိသူများထံမှ ငွေတောင်းခံနေ 
DVB
·
June 13, 2024

ဆိုင်ဘာလုံခြုံရေးဥပဒေ အတည်မပြုထားပေမဲ့ စစ်ကောင်စီ ထိန်းချုပ်စိုးမိုးတဲ့ ဒေသတွေမှာ လက်အောက်ခံအဖွဲ့တွေက ခရီးသွားပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေ စစ်ဆေးပြီး ဖုန်းထဲ VPN တွေ့ရင် ငွေတောင်းနေတာတွေရှိတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရပါတယ်။

ရန်ကုန်မြို့တွင်းမှာတော့ ဖုန်းနဲ့ VPN စစ်ဆေးဖမ်းဆီးတာမျိုး မရှိသေးပေမဲ့ မန္တလေး၊ ပဲခူး၊ ပြည်နဲ့ မကွေးတို့မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေဆီက ဖုန်းယူ စစ်ပြီး ငွေကြေးတောင်းခံနေတယ်လို့ ဇွန် ၁၂ ရက်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။

“မနေ့က မြို့ပေါ် လမ်းဆုံနဲ့ မြို့အဝင်အထွက် နေရာတွေမှာ လမ်းပေါ်မှာ တားပြီး စစ်နေတာ။ ကျနော့်ရှေ့က စစ်ခံရတဲ့သူမှာ VPN ပါလို့ဆိုပြီး ပိုက်ဆံတောင်းတာ၊ သူ ဘယ်လို ပြောပြောမရဘူး၊ ပိုက်ဆံနှစ်သိန်း တောင်းနေတယ်။ ကျနော်က VPN ချိတ်ရတာ စိတ်မရှည်လို့ ဖေ့ဘွတ်ခ်ရော VPN ရော ဖျက်ထားလို့ ကျနော့်ကိုတော့ ဘာမှ မမေးဘူး ပေးသွားတယ်။”

ဇွန် ၁၁ ရက်တုန်းကလည်း ပြည်မြို့ထဲမှာ လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးသလို ညဘက်တွေမှာလည်း ဖုန်းတွေ ယူစစ်တယ်လို့ ဒေသခံ တဦးက ပြောပါတယ်၊

“၁၁ ရက် မနက်က ပြည်စျေးကြီးထဲ ဝင်ပြီး ဖုန်းတွေ ဝင်စစ်တယ်။ ညပိုင်းကျတော့ ဗိုလ်ချုပ်လမ်းမှာ ဂိတ်မှာ တားပြီးတော့ အဲဒီမှာ ဖုန်းတွေ စစ်တယ်၊  ဖုန်းထဲမှာ VPN app တွေ့ရင် ငွေ ၅၀၀၀၀ တောင်းပြီး ပြန်လွှတ်တယ်လို့ ကြားတယ်။ VPN နဲ့ ပတ်သက်တဲ့ ဥပဒေလည်း ထွက်သေးတာ မဟုတ်ဘူး။ ဒါကို အခွင့်ကောင်းယူပြီး အောက်ခြေဝန်ထမ်းတွေ ပြည်သူဆီက ငွေညှစ်တယ်လို့ ကျနော်တော့ ထင်တယ်။”

ဇွန် ၁၃ ရက် မနက်မှာလည်း ပဲခူးအဝင် စစ်ဆေးရေးဂိတ်တွေမှာ ဖြတ်သန်းသွားလာသူတွေရဲ့ ဖုန်းတွေ စစ်ဆေးနေပြီး VPN ရှိတဲ့သူတွေကိုတော့ သီးသန့်ခွဲထားတယ်ကြားတယ်လို့  ဝေါမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ခရီးသွားနေတဲ့ကိုယ့်ဘက်က လူငယ်တဦး လှမ်းပြောတာတော့ ပဲခူးဝင် ငပိပွဲရုံတန်းရှေ့မှာ သူတို့ ဖုန်းတွေ စစ်တယ်၊ ဖုန်းတွေထဲ VPN ပါ၊ မပါ စစ်တယ်။ ပါတဲ့သူတွေကို သပ်သပ် ထိုင်ခိုင်းထားတယ်။ မလွှတ်သေးဘူး။ ဘာဆက်လုပ်မလဲတော့ မသိဘူး။  ဒီနေ့မှ စ စစ်တယ်လို့ သိရတယ်။”

လက်ရှိအချိန်မှာ ဆိုင်ဘာလုံခြုံရေး ဥပဒေမူကြမ်းက တရားဝင်အတည်ပြုထားတာမဟုတ်ဘဲ ငွေကြေးတောင်းခံနေတာက တရားမဝင်ဘဲ အောက်ခြေဝန်ထမ်းတွေက ငွေတောင်းဖို့ အကြောင်းပြ နေတာလို့ တရားလွှတ်တော်ရှေ့နေ တဦးက DVB ကို ပြောပါတယ်၊  

“Cyber Law က အတည် မဖြစ်သေးဘူး။ မူကြမ်းအဆင့်ပဲရှိသေးတယ်။ အဲဒီအထဲက ပါတဲ့အချက် တချက်ကို highlight လုပ်ပြီး လိုင်းပေါ် တင်နေကြတာ။ အဲဒါကို အသုံးချပြီး အောက်ခြေက စစ်သားတွေ ရဲတွေက အဖမ်းပြနေတာ၊ ဖမ်းလို့လည်းမရဘူး တရားမဝင်ဘူး။”

မကွေးတိုင်း စလင်းနဲ့ ဧရာဝတီတိုင်း ဘိုကလေးမြို့တွေမှာတော့ VPN စစ်ဆေးတွေ့ရှိရင် ငွေမပေးနိုင်တဲ့ သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်သင်တန်း တက်ခိုင်းတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။ 

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေမူကြမ်းရဲ့  အခန်း-၁၂ ပုဒ်မ ၆၂ အရ VPN နည်းပညာ (သို့) အလားတူ နည်းပညာအသုံးပြုပြီး ကွန်ရက်တည်ထောင်ခြင်း အဆိုပါကွန်ရက်ကို ဝင်ရောက်ချိတ်ဆက် အသုံးပြုခြင်း ပြုလုပ်လိုရင် ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် လျှောက်ထားရန် လိုအပ်ပြီး အခန်း ၁၇- ပုဒ်မ ၉၀ အရ  VPN အသုံးပြုကြောင်း ပြစ်မှုထင်ရှားရင် ထောင် တစ်နှစ်မှ အများဆုံး ၃ နှစ်ဖြစ်စေ၊ ကျပ် သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်လုံးဖြစ်စေ ကျခံရယ်လို့ ပါရှိပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013