Home
မြန်မာသတင်း
မွန်-ကရင်နယ်စပ်ထိုးစစ်တွင်  စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်း ပိုမိုအသုံးပြုလာ 
DVB
·
June 13, 2024

မွန်-ကရင်နယ်စပ်က ကျေးရွာတွေကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ အင်အားဖြည့်တင်းနေတဲ့အပြင်  မြေပြင်လက်နက်ကြီးနဲ့ ဒရုန်းတွေပိုမို အသုံးပြုလာတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ 

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်ကကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်တို့  နှစ်ဖက်ရင်ဆိုင်ထားပါတယ်။

ကျွန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြားခဲ့တာကြောင့်  အထိနာခဲ့ပြီးနောက် ဒရုန်းတွေကို ပိုမိုသုံးစွဲလာတာဖြစ်ပါတယ်။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ်တဦးက “သူတို့က ဒရုန်းတွေ ပိုမိုသုံးလာတယ်။ ညညဆို ကင်းထောက်ဒရုန်းတွေနဲ့ ကျနော်တို့ကို လာပတ်တာတွေက တအားကြီးစိပ်လာတယ်။ ပြီးတဲ့အခါကျတော့ လက်နက်ကြီးနဲ့ ဒရုန်းကို ပိုသုံးလာတာ။  လူကိုယ်တိုင် တက်လာတာတွေ မလုပ်တော့ပဲနဲ့ စပယ်ဂူတံတားထိပ်ကနေပြီးတော့ လာလာပြီးတော့ ချနေတာ”လို့ ပြောပါတယ်။

ဇွန် ၈ ရက်က ကျိုက်မရောမြို့နယ် စပယ်ဂူတံတားထိပ်အနီးက နေအိမ်တလုံးကို စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတယောက် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်ပါ ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က ဒရုန်းဗုံးကြဲချ တိုက်ခိုက်နေပေမဲ့ ဒေသခံတွေဟာ မိုးကာလ ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲတာတွေကြောင့် လုံခြုံတဲ့နေရာတွေမှာ နေထိုင်ဖို့ သတိပေး တိုက်တွန်းထားတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“ဒေသခံတွေအနေနဲ့ အသံကြားတာနဲ့ ပြေးရတယ်။ ဒေသခံတွေအနေနဲ့ ရုတ်တရက်ဖြစ်လာရင် ရှောင်တိမ်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့စားဝတ်နေရေးနဲ့ ဒီအချိန်က မိုးရာသီလည်း ဖြစ်နေတဲ့အခါကျတော့  ခက်ခဲတယ်။ ကျနော်တို့ကလည်း သတိပေးနိုင်တာက နေသာတဲ့အခါကျရင် အရိပ်အောက်မှာနေပါ။  စလပ်တွေ အခိုင်အမာရှိတဲ့ အောက်မှာနေဖို့ သတိပေးထားတယ်။”

ဧပြီ ၂၅ ရက်က ကော့ဘိန်းရဲစခန်းကို ပြန်လည်သိမ်းယူခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ဖိအားပေးခေါ်ယူခဲ့ပါတယ်။

စစ်ကောင်စီက ဖိအားပေးပြန်လည်ခေါ်ယူနေ၏ပေမဲ့ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကော့ဘိန်း ၊ ကော့ပေါက်၊ ဓမ္မသ၊ မင်းရွာ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာက အိမ်ခြေ ၂၀၀၀၀ ကျော်၊ ဒေသခံ ၁ သိန်းကျော်ဟာ ဆွေမျိုးတွေနဲ့ နီးစပ်ရာဘုန်ကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပါတယ်။

လက်ရှိအချိန် အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရှောင်နေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးက “စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းမှာ ရှိသေးတယ်။ စစ်ကောင်စီတွေက ဒီမှာရှိတယ်ဆိုရင် ဟို(တော်လှန်ရေးတပ်)ကနေပြီးတော့  ပစ်ခတ်တာ ဘာညာ လုပ်လိုက်ရင် သူတို့ရွာသူရွာသားတွေက ထိခိုက်နစ်နာမှာ တိုက်ပွဲပြန်ဖော်ဆောင်လာမှာကို စိုးရိမ်တယ်။ နောက်တခုက တပ်ဘက်က အရာရှိပိုင်း မျက်ကွယ်ရာမှာ လက်အောက်ငယ်သားတွေက မူးပြီးတော့ ရမ်းကားတာ ကြောက်ပြီးစိုးရိမ်တာတွေရှိတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလကြာမြင့်လာတဲ့အပြင်၊ မိုးကာလ ရောက်ရှိလာပြီဖြစ်လို့ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အလှူရှင်တွေကို အားကိုးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်ကစတင်ပြီး စစ်ကောင်စီက စစ်သင်္ဘော၊ မြေပြင်လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့်  ဓမ္မသကျေးရွာအပါအဝင် အနီးအနားကျေးရွာက အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဒါအပြင်  စစ်ကောင်စီက သံချပ်ကားယာဉ်တွေနဲ့ ခရုံဂူလမ်းဝကနေ ရမ္မာဝတီကားလမ်းတလျှောက် အင်အားဖြည့်တင်းပြီး ထိန်းချုပ်ထားပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013