ပြည်တွင်းထုတ်ကားစျေးကွက်ကို ခြိမ်းခြောက်လာနိုင်ကြောင်း နိုင်ငံရေးသမားတွေက သုံးသပ်ပြီးတဲ့နောက် ဥရောပသမဂ္ဂ (EU) နိုင်ငံတွေမှာ တရုတ်နိုင်ငံထုတ် EV ကားတွေကို အခွန်တိုးကောက်ဖွယ် ရှိပါတယ်။
ဇူလိုင် ၄ ရက်ကစပြီး တရုတ် EV ကားတွေဟာ အခွန်တိုးပေးရမယ့်အရေးနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။
တရုတ်နိုင်ငံကတော့ ဒီလို အခွန်တိုးကောက်တာက နိုင်ငံတကာကုန်သွယ်မှုစည်းမျဥ်းကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း၊ အခွန်တိုးကောက်ခြင်းက ပြည်တွင်းထုတ်ကုန်တွေကို ကာကွယ်ပေးခြင်းသာဖြစ်ကြောင်း စွပ်စွဲပြောဆိုထားပါတယ်။
EV ထုတ်လုပ်သူတွေက စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းပါဝင်ပြီး ဥရောပသမဂ္ဂ ကော်မရှင်က အောက်တိုဘာလမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါ့ကြောင့် တရုတ်ကုမ္ပဏီတွေအနေနဲ့ ပျမ်းမျှ ၂၁ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။
တချို့ EV ကားကုမ္ပဏီတွေဟာ BMW လိုမျိုး ဥရောပအခြေစိုက်ဖြစ်ပေမဲ့ တရုတ်နိုင်ငံမှာ ထုတ်လုပ်တာဖြစ်လို့ အခွန်တိုးမြင့်ပေးချေရဖွယ် ရှိပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျီအန်က “ဒီလို စုံစမ်းစစ်ဆေးမှု ပြုလုပ်တာက ပြည်တွင်းထုတ်ကုန်တွေကို ကာကွယ်ဖို့အတွက်ဖြစ်ကြောင်း၊ ဒီလို အခွန်တိုးကောက်တာက တရုတ်-EU စီးပွားရေးကို ပျက်စီးစေပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုနဲ့ ထောက်ပံ့ရေး ဆက်သွယ်မှုကိုလည်း ပျက်စီးစေမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ဥရောပသမဂ္ဂရဲ့ အခွန်တိုးမြှင့်မှုက ဂျာမနီ ထိပ်တန်းကုမ္ပဏီတွေနဲ့ ထိပ်တန်း ထုတ်ကုန်တွေကိုလည်း ဆိုးရွားတဲ့ ထိခိုက်မှုရှိကြောင်း ဂျာမနီပို့ဆောင်ရေးဝန်ကြီးက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှာ EV ကားတွေ ၈ သန်းကျော် ရောင်းချရပြီး ဒီပမာဏဟာ တကမ္ဘာလုံးနဲ့ယှဥ်ရင် ၆၀ ရာခိုင်နှုန်း ရှိပါတယ်။
Source-Reuters