မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၈၄ လမ်းနဲ့ ၃၄ လမ်းထောင့်ရှိ ဇွဲထက်ရွှေဆိုင် အမှတ်(၁၆)မှာ ဇွန် ၁၂ ရက် မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မန္တလေးမြို့ရှိ နိုင်ငံကျော် ဇွဲထက် ရွှေဆိုင်မှာ မနေ့မွန်းလွဲ ၂ နာရီလောက်က ဗုံးပေါက်ကွဲခဲ့လို့ ဆိုင်ဝန်ထမ်း ၅ ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရွှေလာရောင်းသူတဦးက DVB ကို ပြောပါတယ်။
"ညီမက နားကပ်ရောင်းဖို့ပြနေတဲ့အချိန် ဗုံးပေါက်တာပါ။ ဆိုင်ရှေ့က ဧည့်ကြိုဝန်ထမ်း ကောင်လေး ၄ ယောက်နဲ့ ကောင်မလေး တယောက် ဗုံးစထိပြီးဒဏ်ရာရသွားတယ်။ ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်တစီးလည်း ပျက်စီးသွားတာတွေ့ခဲ့တယ်" လို့ ပြောပါတယ်။
ဗုံးစထိမှန်ခဲ့တဲ့ ရွှေဆိုင်ဝန်ထမ်းအမျိုးသမီးတဦးက ဝဲဘက်လက်ဖျံမှာ ဗုံးစထိမှန်ဒဏ်ရာရသွားပြီး ရွှေဆိုင်ဝန်ထမ်း အမျိုးသား ၃ ဦးကတော့ လက်မောင်း၊ ရင်အုံ၊ နောက်ကျော၊ ခြေသလုံးနဲ့ နံဘေး နေရာတွေမှဦ ဗုံးစထိမှန် ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မန္တလေးမြို့ရှိ ဇွဲထက်အပါအဝင် ရွှေဆိုင်အားလုံး ဆိုင်ပိတ်သိမ်းထားလိုက်ကြကြောင်း မြို့ခံတွေက ပြောပါတယ်။
ဇွဲထက်ရွှေဆိုင်ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးသလို DVB အနေနဲ့လည်း အတည်မပြုနိုင်သေးပါဘူး။
အလားတူ ဇွန် ၁၁ ရက်ညကလည်း မန္တလေး ၃၅ လမ်း ၅၃ လမ်းက ပိုင်အိုးနီးယားဘားမှာ ဗုံးပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်တွင်း ရွှေဈေးကွက်မှာ ရွှေစျေးနှုန်း မတည်ငြိမ်အောင်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေဆိုင်လုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးအရေးယူခဲ့ပြီး ဇွဲထက်ရွှေဆိုင်သူဌေးအပါအဝင် ရွှေဆိုင်ပိုင်ရှင် ၇ ဦးနဲ့ ပွဲစား ၃ ဦးကို ဖမ်းဝရမ်း ထုတ်ထားတယ်လို့ စစ်ကောင်စီက ဇွန် ၂ ရက်ညမှာ ထုတ်ပြန်ခဲ့ပါတယ်။