အစ္စရေးနဲ့ ဟားမတ်စ် အပစ်ရပ်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇွန် ၁၀ ရက်မှာ ထောက်ခံလိုက်ပါတယ်။
၈ လကြာစစ်ပွဲ အဆုံးသတ်ရေး ဒီသဘောတူညီချက်ကို လက်ခံဖို့လည်း ဟားမတ်စ်အဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်က ရေးဆွဲတင်ပြတဲ့မူကို လုံခြုံရေးကောင်စီက သဘောတူလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ဟားမတ်စ်အဖွဲ့ကရော၊ အနောက်ဘက်ကမ်းကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (ပီအေ) ကရော ကြိုဆိုခဲ့ကြပါတယ်။
ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုနဲ့ ကိုက်ညီတဲ့ အစီအစဉ် မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ညှိနှိုင်းရေးမှူးတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ပါတယ်။
မေ ၃၁ ရက်တုန်းက ဘိုင်ဒင် ချပြခဲ့တဲ့ အဆင့်သုံးဆင့်ပါ အပစ်ရပ်အစီအစဉ်ကို ထောက်ခံကြောင်း ဆုံးဖြတ်ချက်ကို မဲခွဲရာမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ရုရှားက မဲမပေးဘဲ ကြားနေခဲ့ပြီး ကျန် ၁၄ နိုင်ငံစလုံးက ထောက်ခံခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်မှာ အစ္စရေးက လက်ခံထားတယ်ဆိုတဲ့ အပစ်ရပ်အဆိုပြုချက်ကို ကြိုဆိုထားပြီး ဟားမတ်စ်ဘက်က သဘောတူဖို့ တောင်းဆိုထားသလို ဘာသတ်မှတ်ချက်မှ မထားဘဲ၊ မနှောင့်နှေးဘဲ ချက်ချင်းအကောင်အထည်ဖော်ဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ အစ္စရေးက ဘာကိုသဘောတူထားတာလဲ ဆိုတာကို ရုရှားသံအမတ်ကြီးက မေးခွန်းထုတ်ခဲ့ပြီး ကောင်စီအနေနဲ့ သတ်မှတ်ချက်ဘောင် ဝိုးတဝါးဖြစ်နေတဲ့ သဘောတူညီမှုမျိုးကို လက်မှတ်မထိုးသင့်ဘူးလို့ ဝေဖန်ပါတယ်။
Source-Reuters