Home
နိုင်ငံတကာ
အမေရိကန်-အစ္စရေး သူလျှိုကွန်ရက်ကို ဟူသီသူပုန် ဖမ်းဆီး
DVB
·
June 11, 2024
ဟူသီထောက်လှမ်းရေးအကြီးအကဲ ခိုင်ဝါနီ (Photo-Reuters)

ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ဟာ “အမေရိကန်-အစ္စရေး သူလျှိုကွန်ရက်” ကို ဖမ်းဆီးလိုက်ကြောင်း ဟူသီထောက်လှမ်းရေးအကြီးအကဲ အဗ္ဗဒယ်လ် ဟာကင်ခမ် အယ်လ် ခိုင်ဝါနီက  ဇွန် ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒီကွန်ရက်မှာ ယီမင်ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းဟောင်းတွေ ပါဝင်နေကာ နိုင်ငံတွင်း လုံခြုံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကို စုဆောင်းခဲ့ပြီး ရန်လိုတဲ့ ထောက်လှမ်းရေး အေဂျင်စီတွေဆီကို ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကွန်ရက်ဟာ ဆယ်စုနှစ်တွေအတွင်းမှာ တရားဝင် အဖွဲ့အစည်းတွေ၊ အလွတ်သဘော အဖွဲ့အစည်းတွေထဲမှာ သူလျှိုနဲ့ အဖျက်သမားတွေရဲ့ တာဝန်တွေကို ဆောင်ရွက်ခဲ့ကြပြီး အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ သူ့အဖွဲ့ဝင်တွေကနေတဆင့် ရန်သူရဲ့ အကျိုးအမြတ်အတွက် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ခိုင်ဝါနီက ဆိုပါတယ်။

CIA ဟာ သူလျှိုကွန်ရက်ရဲ့ အဓိကအစိတ်အပိုင်းတွေကို စုဆောင်းပြီး ထောက်လှမ်းရေးဆိုင်ရာကို လေ့ကျင့်သင်ကြားပေးကာ ယီမင်သမ္မတနိုင်ငံမှာ သူတို့ရဲ့ သူလျှိုလုပ်မှုနဲ့ အဖျက်အမှောင့် လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်စေတဲ့ အထူးနည်းပညာတွေ၊ စက်ပစ္စည်းတွေနဲ့ ကိရိယာတွေကို ထောက်ပံ့ပေးပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေး ထောက်လှမ်းရေး အရာရှိတွေထံ လျှို့ဝှက် သတင်းအချက်အလက် လွှဲပြောင်းမှု လွယ်ကူချောမွေ့စေခဲ့ကြောင်းလည်း ဟူသီထောက်လှမ်းရေးအကြီးအကဲ ခိုင်ဝါနီက ဆိုပါတယ်။

သူလျှိုလှုပ်ရှားမှုတွေဟာ နိုင်ငံပိုင်အဖွဲ့အစည်းတွေထက်ကို ကျော်လွန်သွားပြီး နိုင်ငံတွင်းရှိ လူ့အဖွဲ့အစည်းတွေနဲ့ တရားဝင်မဟုတ်တဲ့ အသင်းအဖွဲ့တွေဆီ ဖြန့်ကျက်ထားကြောင်းလည်း ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေကို အစ္စရေးအစိုးရ တာဝန်ရှိသူတွေက ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပေမဲ့ ကုလသမဂ္ဂကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ဟာ ကုလသမဂ္ဂဝန်ထမ်း တဒါဇင်လောက်ကို ဖမ်းဆီးထားခဲ့တာဖြစ်ပြီး ကုလသမဂ္ဂအေဂျင်စီ ၅ ခုနဲ့ ယီမင်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အတွက် လုပ်ဆောင်ပေးနေတဲ့ ဝန်ထမ်း ၁၁ ဦး လွတ်မြောက်ဖို့ လုပ်နေတယ်လို့  ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်ခ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်အတွင်း မြို့တော် ဆာနားမှာရှိတဲ့ အမေရိကန်သံရုံးက ယီမင်ဝန်ထမ်း ၂၀ လောက်ကို ချုပ်နှောင်ထားခဲ့ပြီး သံရုံးဟာ ၂၀၁၄ ခုနှစ်မှာ လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013