ဗီယက်နမ်မှာ ခေါင်းဆောင်အပြောင်းအလဲတွေ ဖြစ်နေတယ်။ ပြီးခဲ့တဲ့ မေ ၂၂ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပရာမှာ အရင်က အမျိုးသားလုံခြုံရေးဝန်ကြီး တူလမ်း (အသက် ၆၆ နှစ်) က သမ္မတအဖြစ် ရွေးချယ်ခံရပါတယ်။ နိုင်ငံသမ္မတဖြစ်ပေမဲ့ ဗီယက်နမ်နိုင်ငံရဲ့ အင်္ဂါစဉ်မှာတော့ သူက ဒုတိယအကြီးအကဲပါ။ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်က နံပါတ် ၁ နေရာမှာ ရှိပါတယ်။
ဗီယက်နမ်မှာ နိုင်ငံရေးအကျပ်အတည်း ပြဿနာတွေက မတ်လလောက်ကတည်းက စဖြစ်ပေါ်နေပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် အရာရှိအတော်များများ နေရာပြောင်းရွှေ့တာတွေ၊ အနားပေးခံရတာတွေ ရှိနေခဲ့ပါတယ်။
Nikkei Asia ဂျာနယ်ကတော့ “သိသင့်တဲ့အချက် ၅ ချက်” ဆိုပြီး ရှင်းပြထားတာ ဖတ်ရပါတယ်။
ဗီယက်နမ် ကွန်မြူနစ်ပါတီကို ဘယ်လို ဖွဲ့စည်းထားသလဲ၊ ဘယ်လို အုပ်ချုပ်နေသလဲ။
ဗီယက်နမ် လူဦးရေက သန်း ၁၀၀ လောက်ရှိပြီး ကွန်မြူနစ်ပါတီဝင်က နိုင်ငံလူဦးရေရဲ့ ၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။ အဲဒီပါတီဝင်တွေထဲကနေ ဗဟိုကော်မတီ ၁၈၀ ဦးကို ရွေးချယ်ပြီး သူတို့မှာ ဆုံးဖြတ်ခွင့်အာဏာ ကြီးပါတယ်။ ထိပ်တန်း ဩဇာအရှိဆုံး ပေါလစ်ဗျူရိုမှာတော့ ခေါင်းဆောင် ၁၆ ဦး ပါဝင်ပါတယ်။
ပေါလစ်ဗျူရိုမှာ သူတို့အပြော ဒေါက်တိုင် ၄ ခု ပါဝင်ပါတယ်။ အင်္ဂါစဉ်အရ ထက်အောက်စဉ် ဖော်ပြရရင် ပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၄ ဦး ပါဝင်ပါတယ်။
ဗီယက်နမ်စစ်ပွဲကာလ ၁၉၆၀-၁၉၇၀ ပြည့်နှစ်များကတည်းက ဗီယက်နမ်ကွန်မြူနစ်ပါတီထဲမှာ သဘောတူညီချက်တခု ရှိပါတယ်။ အာဏာကို ဗဟိုချုပ်ကိုင်မှု မျှဝေဖြန့်ခွဲထားဖို့ပါ။ အထွေထွေ အတွင်းရေးမှူးချုပ်ကို အမြဲတန်းလိုလို မြောက်ပိုင်းက ယူပါတယ်။ ကျန်တဲ့ ဒေါက်တိုင်တွေကိုတော့ ကျန်တဲ့ဒေသတွေကို အာဏာခွဲပေးထားပါတယ်။
အရင်တုန်းကတော့ ပါတီဝင်ဆိုတာ အာဏာရော၊ လုပ်ပိုင်ခွင့်၊ ဂုဏ်ထူးပါ ရှိကြပါတယ်။ အခုကာလ ဗီယက်နမ်လူမျိုးတွေ မြင်နေတာကတော့ နိုင်ငံရေးသမား အများစုက နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ ကိုင်ထားကြပြီး အဲဒီကနေ အာဏာတည်ဆောက်နေကြပါတယ်။ ၂၀၀၉ ခုနှစ်၊ ဗီယက်နမ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ကြီး (WTO) ကို ဝင်ပြီးတဲ့ နောက်ပိုင်းမှာတောင်မှ အစိုးရပိုင်စီးပွားရေးလုပ်ငန်း (SOEs) တွေ ပြုပြင်ပြောင်းလဲရေးလုပ်တာ အရှိန်လျော့ကျလာပါတယ်။ ပြဿနာက အကျိုးစီးပွား နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြတာရယ်၊ အဂတိလိုက်စားမှုတွေကို မဖယ်ရှားနိုင်တာရယ် ကြောင့်ပါပဲ။
ဘယ်နိုင်ငံရေးသမားတွေ ဖြုတ်ထုတ်ဖယ်ရှားခံရသလဲ၊ ဘာကြောင့်လဲ။
မတ်လမှာ သမ္မတဟောင်း ဗောင်ဗန်ထိန် (Vo Van Thuong) က အပေါ်ကို ရာထူးတက်သွားပါတယ်။ ပါတီ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် လျာထားခံရတာပါ။ အရင် အထွေထွေအတွင်းရေးမှူးချုပ် ငွင်ဖူးချောင် (Nguyen Phu Trong) က သူနေရာရလာပြီး တနှစ်လောက်မှာပဲ ပါတီစည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်လို့ဆိုပြီး နားလိုက်ရလို့ပါ။
ဧပြီလမှာတော့ နောက်ပိုင်း ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဗောင်ဒင်ဟျူး (Vuong Dinh Hue) ပါတီစည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်လို့ဆိုပြီး နုတ်ထွက်လိုက်ရပါတယ်။
အခု မေလမှာတော့ ဝန်ကြီးအဖွဲ့ အတွင်းရေးမှူး မိုင်တီယန်ဒန်း (Mai Tien Dung) ကို အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အပန်းဖြေစခန်းတခု ဆောက်လုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပါတယ်။ တဦးတည်းသော အမျိုးသမီး ပေါလစ်ဗျူရို အဖွဲ့ဝင် ချောင်သီမိုင် (Truong Thi Mai) ကလည်း ပါတီစည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်လို့ဆိုပြီး နုတ်ထွက်ခဲ့ပါတယ်။
နောက်ထပ်တဦးကတော့ သမ္မတ ငွင်ယွန်ဖု (Nguyen Xuan Phuc) ဖြစ်ပြီး ရုတ်ချည်းနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက နုတ်ထွက် အနားယူလိုက်ပါတယ်။ ကိုဗစ်ကူးစက်ဘေး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အဂတိမှုတွေ ပတ်သက်နေတယ်လို့ ဆိုကြပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းကတော့ ဒု-ဝန်ကြီးချုပ် ဖန်ဘင်မင်း (Pham Binh Minh) ကို အဂတိမှုတွေ မကာကွယ် မတားဆီးနိုင်လို့ ဆိုပြီး ထုတ်ပစ်ခဲ့ပါတယ်။
နိုင်ငံရေးအကျပ်အတည်း နောက်ကွယ်
ခုလို ထုတ်ပယ်ပစ်တာတွေ၊ နုတ်ထွက်ရတာတွေက ၂၀၂၆ ခုနှစ် ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်နဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ ကွန်ဂရက်က ၅ နှစ်တကြိမ် ကျင်းပပြီး ဗီယက်နမ်မှာ အရေးကြီးပါတယ်။ ခေါင်းဆောင်သစ်တွေ ရွေးချယ် တင်မြှောက်ကြလို့ပါ။ ခေါင်းဆောင် ချောင် (Trong) က အသက် ၈၀ ရှိနေပြီး ပုံမှန်မဟုတ်တဲ့ တတိယသက်တမ်း တာဝန် ထမ်းဆောင်နေဆဲ ဆိုတော့ လူသစ် အစားထိုးရပါတော့မယ်။
ဖွံ့ဖြိုးရေးဘောဂဗေဒ အင်စတီကျု (Institute of Developing Economies) က ဂျပန်သုတေသီ ဖူတုဘ အစ်ရှီဇူကာ (Futaba Ishizuka) ပြောတာကတော့ “ဗီယက်နမ် နိုင်ငံရေးပြဿနာတွေက ပြောရရင် အထွေထွေအတွင်းရေးမှူး ချောင်ကို ဘယ်သူဆက်ခံမလဲဆိုတဲ့ ပါတီတွင်း တိုက်ပွဲပါပဲ” လို့ ဆိုပါတယ်။ ရဲဗိုလ်ချုပ်တဦး ဖြစ်တဲ့ သမ္မတသစ် တူလမ်းကတော့ အရေးကြီးတဲ့ပုဂ္ဂိုလ် ဖြစ်လာပါလိမ့်မယ်လို့ ဖြည့်စွက်ပြောပါတယ်။ “တူလမ်းက ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လုပ်တုန်းက ဩဇာကြီးထားတယ်။ သူက ပါတီ အထွေထွေအတွင်းရေးမှူး ဆက်ပြီး ဖြစ်လာနိုင်တဲ့ အဓိက အချက်ပါပဲ” လို့ မစ္စတာ အစ်ရှီဇူကာက ဆိုပါတယ်။
လေ့လာချက်တွေအရ တက်လာတဲ့ ခေါင်းဆောင်သစ်တွေက သဘောထားတင်းမာသူ (hardliners) တွေလို့ ဆိုကြပါတယ်။ တရုတ်နိုင်ငံ ခေါင်းဆောင်မှုလိုပဲ ပြည်တွင်းရေးကို ကြည့်တဲ့အုပ်စု၊ တရားသေ လီနင်ဝါဒ ခံယူထားသူတွေ၊ နိုင်ငံရပ်ခြားနဲ့ အဆက်အဆံလည်း နည်းသူတွေလို့ ဖော်ပြကြပါတယ်။
နိုင်ငံရေးပြဿနာက ဗီယက်နမ်စီးပွားရေးအပေါ် ဂယက်ရိုက်နိုင်သလား။
သိပ်ဖြစ်ဖို့တော့ မရှိပါဘူး။ ဗီယက်နမ်နိုင်ငံက တရုတ်ပြီးရင် ဘယ်မှာသွားမြှုပ်နှံကြမလဲဆိုပြီး အပိုဆောင်း နိုင်ငံတနိုင်ငံအဖြစ် စဉ်းစားကြတဲ့ (China plus one) ရင်းနှီးမြှုပ်နှံမှု ဦးတည်ရာထဲမှာ ပါဝင်ပါတယ်။ ဒီလို ကျေးဇူးရလဒ်တွေကို ခံစားနေရဆဲ ရှိပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေက သူတို့ထုတ်ကုန်တွေကို တရုတ်အပြင် ကျန်နိုင်ငံတခုမှာလည်း ဖြန့်ခွဲထုတ်လုပ်နေကြတာမျိုးပါ။ ဘေဂျင်းနဲ့ ဝါရှင်တန်အကြား တင်းမာမှုတွေ ကြီးလာနေတဲ့ အခြေအနေမှာ တခုခုဖြစ်ခဲ့ရင် ဆိုပြီး ‘ကယ်ပေါက်’ လို စဉ်းစားကြတာ ဖြစ်ပါတယ်။
မတ်လမှာ ဂျပန်ကုမ္ပဏီတွေကို စစ်တမ်းကောက်ခဲ့တဲ့ ဂျပန်ပြင်ပ ကုန်သွယ်မှုအဖွဲ့ (JETRO) အစီရင်ခံစာမှာတော့ အမေရိကန်ပြည်ထောင်စုပြီးရင် ဗီယက်နမ်က ဒုတိယ လူကြိုက်အများဆုံး နိုင်ငံတခုအဖြစ် ရှိနေဆဲပါ။
တချို့လေ့လာသူတွေကတော့ ဒေသတွင်းက ကျန်တဲ့နိုင်ငံတွေထက်စာရင် (ခုလို မတည်ငြိမ်မှုတွေ ရှိနေတာတောင်မှ) နိုင်ငံရေးအရ သေချာမှု အတော်ရှိတယ်လို့ ယူဆကြပါတယ်။ ဗီယက်နမ်နိုင်ငံက ကျင့်သုံးတဲ့ ဝါးပင်လို “လေယူရာတိမ်း နိုင်ငံခြားရေးမူဝါဒ” (Bamboo policy) ကိုလည်း နိုင်ငံတကာမှာ လူသိများ လက်ခံထားဆဲပါ။
ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေမှာတော့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ အစိုးရအရာရှိတွေက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိစ္စနဲ့ ငြိမှာကြောက်တာနဲ့ ဆုံးဖြတ်ချက်မှန်သမျှ မလုပ်ကြတော့ဘဲ အပေါ်ကို တင်နေကြတာပါ။ ဒီလိုနဲ့ လိုင်စင်ချပေးရမှာတွေ၊ လုပ်ငန်းစဉ်တွေ ကြန့်ကြာနေရပါတယ်။ ဂျပန် ကုန်သွယ်ရေးကုမ္ပဏီတခုရဲ့ အမှုဆောင်တဦးက ဆောက်လုပ်ရေးကိစ္စ ဟနွိုင်မှာ စီစဉ်နေတာ တနှစ်-နှစ်နှစ် ကြန့်ကြာနေပြီလို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု-တရုတ် တင်းမာမှုတွေနဲ့ ဗီယက်နမ်နိုင်ငံရေး အခြေအနေက ဆက်စပ်နေသလား။
ဗီယက်နမ်က ယဉ်ကျေးမှုအရ၊ သမိုင်းအရ၊ စီးပွားရေးအရ တရုတ်နဲ့ ပိုနီးပါတယ်။ အိမ်နီးချင်းလည်း ဖြစ်ပါတယ်။ ဗီယက်နမ်ကွန်မြူနစ်ပါတီက တရုတ်မိုဒယ်ကို ယူပြီး ဖွဲ့စည်းထားခဲ့တာပါ။ ၁၉၈၀ ခုနှစ်များ အလယ်ပိုင်းက စခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး (ဒွိုင်မွိုင်) ကလည်း တရုတ်ရဲ့ တံခါးဖွင့်မူကို ပုံတူကူးခဲ့တာပါ။ အခု အာဏာလွန်ဆွဲပွဲကနေ တက်လာတဲ့ ခေါင်းဆောင်သစ်က တရုတ်ဆန့်ကျင်ရေး မဖြစ်နိုင်ဘူး။ အနောက်နိုင်ငံအုပ်စုတွေက ထင်ထားကြသလို “တရုတ်ဆန့်ကျင်ရေးအုပ်စု” ထဲမှာလည်း ပူးပေါင်းမှာ မဟုတ်ဘူးလို့ ချာသမ်ဟောက်စ်က သုံးသပ်ချက်မှာ ဆောင်းပါးရှင် ဒေါက်တာ ဘေလ် ဟေတန်က ဆိုကြပါတယ်။
ကွန်မြူနစ်ပါတီက တရုတ်ကိုလိုလားတယ် ယူဆနိုင်ပေမဲ့ နိုင်ငံထဲက သာမန်လူထုတွေကတော့ တရုတ်ကို စိုးရိမ်စိတ် ရှိနေကြပါတယ်။ ၂၀၂၄ ခုနှစ်မှာ စင်္ကာပူနိုင်ငံက ဉာဏ်ကြီးရှင်အဖွဲ့ ISEAS-Yusof Ishak Institute က ကောက်ယူခဲ့တဲ့ အရှေ့တောင်အာရှ စစ်တမ်းကောက်ယူမှုမှာ ဗီယက်နမ်နိုင်ငံက ဖြေကြားကြသူ ၂၁ ရာခိုင်နှုန်းကပဲ တကယ်လို့ အမေရိကန်နဲ့ တရုတ် ယှဉ်ရွေးချယ်ရမယ်ဆိုရင် တရုတ်ဘက်ရပ်မယ်လို့ ဖြေခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အမေရိကန်ပြည်ထောင်စုက ဗီယက်နမ်နဲ့ သံတမန် ဆက်ဆံရေးကို အဆင့်မြှင့်ခဲ့ပါတယ်။ ‘ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်’ (comprehensive strategic partner) အဖြစ် အာရှနိုင်ငံတွေကြားမှာ ဗီယက်နမ်က တချက်တည်း နှစ်ဆင့်ခုန်တက်တဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ တရုတ်၊ ရုရှားတို့နဲ့ အဆင့်တူပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ အဆင့်မြှင့်တင်ပေးမှုကြောင့် အမေရိကန်လိုလားတဲ့ နိုင်ငံရေးသမားတွေ ဗီယက်နမ်မှာ အားကောင်းလာစေဖို့ ရည်ရွယ်ပုံရပါတယ်။
Sources:
Atsushi Tomiyama, Nikkei staff writer. (May 22, 2024). Vietnam rocked by political upheaval: 5 things to know. Nikkei Asia.
Dr. Bill Hayton. (May 9, 2024). Vietnam’s political turmoil reveals a turn towards China-- and away from the West. Chatham House.