ဘုရင်ကိုစော်ကားတယ် ဆိုတဲ့ စွဲချက်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောကြားလိုက်ပါတယ်။
ဩဇာကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးလည်းဖြစ်တဲ့ သက်ဆင်က ၂၀၁၅ တုန်းက ပြည်ပမီဒီယာတစ်ခုကို ဖြေကြားခဲ့တဲ့ အင်တာဗျူးမှာ တော်ဝင်ထီးနန်းကို စော်ကားတဲ့ ပြောဆိုမှုတွေ ပါဝင်တယ်ဆိုပြီးတော့ စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
သက်ဆင်က ဇွန် ၁၈ ရက်မှာ အစိုးရဥပဒေအရာရှိတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး ဒီအမှုအပေါ် မပူပန်ကြောင်း၊ ရင်ဆိုင်ဖို့ အသင့်ရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။
သက်ဆင်က “ဒါ ဘာမှမဟုတ်ပါဘူး၊ ဒီအမှုက အခြေအမြစ်မရှိပါဘူး” လို့ သတင်းထောက်တွေကို ပြောပါတယ်။
အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်က သူ အမှားလုပ်ခဲ့တာမရှိကြောင်းနဲ့ တော်ဝင်ထီးနန်းအပေါ် သစ္စာရှိကြောင်း တုံ့ပြန်ထားပါတယ်။
ထိုင်းရဲ့အငြင်းပွားဖွယ် ဥပဒေပုဒ်မအရ ထီးနန်းကို စော်ကားတယ်လို့ အလွယ်တကူဖွင့်ပြီး နိုင်ငံရေးပြိုင်ဘက်တွေကို ထောင်သွင်းအကျဉ်းချလို့ရနေပါတယ်။
ပြီးခဲ့တဲ့နှစ်တွေထဲမှာ ဒီဥပဒေအရ စွဲချက်တင်ခံရသူ ၂၇၀ ကျော်ရှိခဲ့ပြီး အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်ထိ ချနိုင်သလို၊ စွဲချက်တစ်ခုချင်းစီကို ၁၅ နှစ်စီနဲ့ သီးခြားစီ နှစ်ရှည် ထောင်ဒဏ်ချတာမျိုးလည်း ရှိပါတယ်။
သက်ဆင်နဲ့ မိသားစုထူထောင်ခဲ့တဲ့ ပါတီတွေဟာ ၂၀၀၁ ကတည်းက ရွေးကောက်ပွဲ တကြိမ်ကလွဲရင် အကြိမ်တိုင်း နိုင်ခဲ့ဖူးပြီး၊ ရှင်နာဝပ်မိသားစု ဦးဆောင်တဲ့ အစိုးရသုံးခုဟာ အာဏာသိမ်းတာ ဒါမှမဟုတ် တရားရုံးဆုံးဖြတ်ချက်နဲ့ ဖြုတ်ချခံခဲ့ရပါတယ်။
သက်ဆင်ဟာ ၁၅ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်ခဲ့ပြီးနောက် ၂၀၂၃ မှာ ပြည်တော်ပြန်လာခဲ့ပါတယ်။
အာဏာအလွဲသုံးမှု၊ အကျိုးစီးပွားပဋိပက္ခတွေနဲ့ ထောင် ၈ နှစ်ချခံရပြီး၊ ဘုရင်က ၁ နှစ်အထိ လျှော့ပေးခဲ့ပါတယ်။
ထောင်ဆေးရုံမှာ ၆ လတာ သက်သောင့်သက်သာ ကုန်လွန်နေချိန်မှာပဲ လွတ်ငြိမ်းသက်သာခွင့်အရ အဲဒီ ၁ နှစ်ကို ၆ လ လျှော့ပေါ့ပေးခဲ့ပြီး ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ သက်ဆင်ရဲ့ စီးပွားရေးမိတ်ဖက် ဆေးထားထဝီးဆင်က အစိုးရကို ဦးဆောင်နေပြီး သူ့သမီးဖြစ်သူ ဖဲထောင်ထန်း ရှင်နာဝပ်က ပါတီခေါင်းဆောင် ဖြစ်ပါတယ်။
Source - Reuters