မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းကျေးရွာကို ဇွန် ၇ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လုယက် မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ဟိုဘက်က ရှမ်းတောရွာကိုဝင်ပြီးမှ ကျနော်တို့ရွာကို ဝင်လာကြတာ။ ငယ်ငယ်တုန်းက အဖေပြောခဲ့ဘူးတဲ့ ရွာထဲ ဓားပြတွေဝင်တဲ့ ဥပမာနဲ့တော့ တထပ်တည်းပဲ။ သေနတ်တွေဖောက်ပြီး ဝင်လာတာ ဗြောင်းဆန်လို့။ အိမ်တွေထဲဝင် ဆန်၊ ဆီ နဲ့ အဖိုးတန်တာတွေ့ရင် အကုန်ယူသွားကြတာပဲ။ သူတို့ ပြန်အထွက်မှာ အိမ်တွေကို မီးရှို့ခဲ့သေးလို့ ၅ လုံး လောင်သွားတယ်” လို့ DVB ကို ပြောပါတယ်။
အောက်တောင်ကိုင်းကျေးရွာမှာ အိမ်ခြေ ၅၀၀ နီးပါးရှိပြီး ပြီးခဲ့တဲ့ ဧပြီထဲက မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာဘက်ကနေ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ အောက်တောင်ကိုင်းကျေးရွာက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိမှန် သေဆုံးပြီးကတည်းက ရွာခံတွေဟာ တောတောင်တွေထဲမှာ တဲတိုက်တွေဆောက်ပြီး နေထိုင်နေကြတယ်လို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကလည်း စစ်သားတွေဟာ အင်အားထပ်ဖြည့်ပြီး အောက်တောင်ကိုင်းရွာနားက သဖန်ဒေါင့်ရွာနဲ့ ငယ်တိုးရွာဘက်မှာ အထိုင်ချနေတယ်လို့ ဆိုပါတယ်။
နိုင်ငံနဲ့အဝန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အရေးနိမ့် အထိနာနေတာကြောင့် စစ်သည်အင်အား တိုးမြှင့်တာတွေ၊ ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့တာတွေနဲ့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာတွေကို အရင်ကထက် ပိုလုပ်လာနေတာလည်း ဖြစ်ပါတယ်။