မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ရင်းမှူးဟာ ဇွန် ၄ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ အိမ်စီးကားနဲ့ထွက်လာစဥ် ပစ်ခတ်တိုက်ခိုက်ခံရလို့ တပ်ရင်းမှူး အပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကာ စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ်၊ တိုက်နယ် ၃ မိုးကြိုးစစ်ကြောင်းကနေ သိရပါတယ်။
မတ္တရာ-ဆည်တော်လမ်းမှာ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ရင်းမှူး နိုင်လင်း၊ စစ်သား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး လိုက်ပါလာတဲ့ကားကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မိုးကြိုးစစ်ကြောင်းရဲ့ ရဲဘော်တဦးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး နိုင်လင်းဟာ ခြေထောက်တဖက် စုတ်ပြတ်သွားပြီး ညာဘက်လက်မောင်းရိုး ပြုတ်ထွက်သွားကာ တပ်သား ၂ ဦးဟာလည်း အပြင်းအထန်ဒဏ်ရာတွေ အသီးသီးရရှိသွားတယ်လို့ သိရပါတယ်။
တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ တိုက်နယ် ၃ မိုးကြိုးစစ်ကြောင်းရဲ့ တာဝန်ခံတဦးက “တပ်တွင်းဖရဲသီးက သတင်းအတိအကျပေးလို့ ကြိုစောင့်ပြီးတော့ ဗျင်းလိုက်တာပါ။ မိုင်းဆွဲပြီး အပစ်ခံရတော့ သူတို့စီးလာတဲ့ 4 Wheels ကားကို ထားခဲ့ပြီး ထွက်ပြေးသွားတယ်။ သူတို့ထွက်ပြေးတဲ့လမ်းပေါ်က ကိုးပြွန်ရွာနားမှာ သူတို့စစ်ကြောင်းတွေ့တာ။ အဲဒီရောက်မှ ဒဏ်ရာရသွားတဲ့တယောက်က သေတယ်။ ကျန်တဲ့ကောင်တွေက ဒဏ်ရာရကြတာများလို့ ရေနံ့သာရွာမှာ ဆေးကုနေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ 4 wheel ကားပေါ်ကနေ 5.56×41 ကျည် ၄၂ တောင့်၊ ဓားရှည် ၁ ချောင်း၊ ကျည်ဘောက် ၁ ခု၊ လက်ထိပ် ၁ ခု၊ ငါးရံ့ခြောက်တွေနဲ့ ငွေကျပ် ၄၂,၀၀၀ သိမ်းဆည်းရရှိခဲ့ပါတယ်။
တပ်ရင်းမှူး နိုင်လင်းဟာ မတ္တရာမြို့နယ်ရဲ့ စစ်ကောင်စီအဖွဲ့ဝင်တဦးဖြစ်ပြီး ဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ ငွေညှစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို အမျိုးမျိုး ခြိမ်းခြောက် အကျပ်ကိုင်နေသူတဦး ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။