Home
နိုင်ငံတကာ
မိုဒီအုပ်ချုပ်မှုကို တိုက်ဖျက်မည်ဟု အိန္ဒိယ အတိုက်အခံပါတီများ ပြော
DVB
·
June 7, 2024
Photo -REUTERS

အတိုက်အခံပါတီ နှစ်ဒါဇင်ထက်မနည်းပါတဲ့ အိန္ဒိယ မဟာမိတ် ခေါင်းဆောင်တွေဟာ နယူးဒေလီမြို့တော်ရှိ ကွန်ဂရက်ပါတီဥက္ကဋ္ဌ မလိကာဂျွန် ခါဂေရဲ့ အိမ်မှာ ဇွန် ၅ ရက်က တွေ့ဆုံခဲ့ပြီး သစ္စာခံမှု ခိုင်မာစေရေး ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

အိန္ဒိယအစုအဖွဲ့ဟာ “မိုဒီဦးဆောင်တဲ့ BJP ရဲ့ ဖက်ဆစ်အုပ်ချုပ်ရေးကို ဆက်လက် တိုက်ဖျက်သွားမှာပါ” လို့ ဆွေးနွေးပွဲအပြီးမှာ ခါဂေက သတင်းထောက်တွေကို ပြောပါတယ်။

BJP အစိုးရ အုပ်ချုပ်တာကို မလိုချင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အကောင်အထည်ဖော်ဖို့ သင့်လျော်တဲ့အချိန်မှာ သင့်လျော်တဲ့ ခြေလှမ်းတွေ လှမ်းသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

အံ့ဩစရာကောင်းအောင် ပွတ်ကာသီကာ ရွေးကောက်ပွဲနိုင်ခဲ့အပြီး ညွန့်ပေါင်းအစိုးရသစ်ကို တတိယသက်တမ်းအတွက် ဦးဆောင်ဖို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီကို သူ့ရဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDA) က ဗုဒ္ဓဟူးနေ့မှာ တရားဝင် အမည်စာရင်း ပေးသွင်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရေးကို ၂၀၁၄ ခုနှစ်ကတည်းက လွှမ်းမိုးခဲ့တဲ့ လူကြိုက်များသူ မိုဒီဟာ အစိုးရအဖွဲ့သစ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ရှုပ်ထွေးစေမယ့် ဒေသတွင်း မဟာမိတ်တွေရဲ့ ထောက်ပံ့မှုအပေါ် မှီခိုနေရတဲ့ အစိုးရတရပ်ကို ပထမဆုံးအကြိမ် ဦးဆောင်ရမှာပါ။

BJP ပါတီအတွက် မာန်စွယ်ကျိုးတဲ့ ရွေးကောက်ပွဲရလဒ်တွေ ထွက်လာအပြီး တရက်အကြာမှာ အတိုက်အခံ ‘INDIA’ အစုအဖွဲ့ရဲ့ ပြင်းထန်တဲ့ စွမ်းဆောင်မှု နောက်ပိုင်းမှာ မိုဒီရဲ့ မဟာမိတ် ၁၅ ဖွဲ့ဟာ နယူးဒေလီနေအိမ်မှာ တွေ့ဆုံပြီး မိုဒီကို ခေါင်းဆောင်အဖြစ် အမည်စာရင်းသွင်းခဲ့ပါတယ်။

BJP ပါတီက ဦးဆောင်တဲ့ NDA မဟာမိတ်တွေဟာ အဖွဲ့ဝင် ၅၄၃ ယောက်ရှိတဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၂၉၃ နေရာ အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ဖို့ အမတ်နေရာ ၂၇၂ နေရာရဖို့ လိုပါတယ်။

ရာဟူးဂန်ဒီရဲ့ ဗဟိုကွန်ဂရက်ပါတီ ဦးဆောင်တဲ့ အိန္ဒိယမဟာမိတ်အဖွဲ့ကတော့ ခန့်မှန်းထားတာထက် ပိုပြီး အမတ်နေရာ ၂၃၀ အနိုင်ရခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013