Home
အားကစား
မြန်မာကို ၅ ဂိုးပြတ်နိုင်ပွဲရသဖြင့် ကျေနပ်မိကြောင်း ဂျပန်နည်းပြပြော
DVB
·
June 7, 2024
Photo-MFF

ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲမှာ  မြန်မာဘောလုံးအသင်းကို ၅  ဂိုးပြတ် အနိုင်ရခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့  ဂျပန်အသင်းနည်းပြက ပြောကြားလိုက်ပါတယ်။ 

ဇွန် ၆ ရက် မနေ့ညနေက ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားသွားတဲ့  ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့်၊ အုပ်စုပွဲစဥ်မှာ ဂျပန်လက်ရွေးစင်အသင်းက အိမ်ရှင် မြန်မာ့လက်ရွေး စင်အသင်းကို  ( ၅-၀) ဂိုးနဲ့  ဂိုးပြတ် အနိုင်ရခဲ့တာပါ။

ဥရောပထိပ်တန်းကလပ်တွေမှာကစားနေတဲ့ ကစားသမားကောင်းတွေပါဝင်တဲ့  ဂျပန်အသင်းဟာ မြန်မာကို ဘောလုံးပိုင်ဆိုင်မှုအသာ ခြေစွမ်းအသာနဲ့ ကစားသွားခဲ့ပါတယ်။

ဂျပန်အတွက် အနိုင်ဂိုးတွေကို  ပွဲချိန် ၁၆ မိနစ်နဲ့ မိနစ် ၉၀ တို့မှာ နာကာမာရုက သွင်းပေးခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာ ဒိုအန်က တဂိုးနဲ့ ပွဲချိန် ၇၅ မိနစ်နဲ့ ၈၃ မိနစ်တို့မှာ အိုဂါဝါက ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒီပွဲနဲ့ပတ်သက်ပြီး ​ဂျပန်အသင်းနည်းပြချုပ်မိုရီယာဆုက " အဝေးကွင်း လာကစားရတာဖြစ်လို့ ခက်ခဲတဲ့ ပွဲဖြစ်ပေမဲ့ကျနော်တို့ ကစားသမားတွေ ပရော်ဖက်ရှင်နယ် ပီပီကစားနိုင်ခဲ့ပါတယ်။ ဂိုးပြတ်နိုင်ပွဲ ရယူခဲ့ပြီး ပေးဂိုးမရှိလို့ ကျေနပ်မိပါတယ်။ နောက်တန်း ၃ ယောက်နဲ့ ကစားရတာက ပွဲကို စိုးမိုးချင်တာကြောင့်ပါ"လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့အကြောင်း MFF က သတင်းထုတ်ပြန်ပါတယ်။

မြန်မာအသင်း လက်ထောက်နည်းပြလောရင့်ကလည်း " အကောင်းဆုံး ကစားသွားတဲ့ ဂျပန်အသင်းအတွက် ဂုဏ်ယူမိပါတယ်။ ကျနော်တို့အသင်း ပုံစံကောင်းပြသခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ အာရုံစူးစိုက်မှု နည်းခဲ့လို့ ပေးဂိုးများခဲ့ရတာပါ"လို့ ပြောပါတယ်။

မြန်မာအသင်းဟာ ဇွန် ၁၁ ရက်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဥ်အဖြစ် လာအိုနိုင်ငံမှာ မြောက်ကိုရီးယားအသင်းနဲ့ ဆက်လက် ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၁၈ မှာရပ်တည်နေတဲ့ ဂျပန်အသင်းနဲ့ ကမ္ဘာ့အဆင့် ၁၆၃ က မြန်မာအသင်းတို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၆ ရက်ကလည်း ဂျပန်မှာ ပထမကျော့ ယှဉ်ပြိုင်ကစားခဲ့ပြီး အဲဒီပွဲမှာလည်း ဂျပန်က  မြန်မာအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဂျပန်အသင်းမှာ ဥရောပကလပ်တွေမှာကစားနေတဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ အာဆင်နယ်နောက်ခံလူ တိုမီယာဆု၊ လီဗာပူးကွင်းလယ်လူ အန်ဒို၊ မိုနာကိုက မီနာမီနို၊  ရီးယဲလ်ဆိုစီဒက်က ကူဘိုအစရှိသဖြင့် ပါဝင်တာဖြစ်ပေမဲ့ မြန်မာနဲ့ပွဲမှာတော့ အဓိကစားသမားတချို့ ဝင်ရောက်ကစားခဲ့ခြင်းမရှိပါဘူး။

မြန်မာအသင်း ပွဲထွက်လူစာရင်းမှာတော့  ကျော်ဇင်ဖြိုး (ဂိုး)၊ လာဘ်ဝေဘုန်း၊ စိုးမိုးကျော်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ ဥက္ကာနိုင်၊ မောင်မောင်လွင်၊ နေမိုးနိုင်၊ ဝေလင်းအောင်၊ ဇွဲထက်မင်းနဲ့ သက်ဟိန်းစိုးတို့ ပါဝင်ကစားခဲ့ကြပါတယ်။

မြန်မာအသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင် ကြီးကြပ်နိုင်ခြင်း မရှိပါဘူး။

မြန်မာအသင်း ပါဝင်တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်အုပ်စု B မှာ ဂျပန်အသင်းက ၅ ပွဲကစား ၅ ပွဲနိုင်ရလဒ်နဲ့ ဦးဆောင်နေပြီး ဆီးရီးယားက ဒုတိယ၊ မြောက်ကိုရီးယားက တတိယ၊ မြန်မာအသင်းက ရမှတ် ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာရပ်တည်နေပါတယ်။

လက်ကျန် ၂ ပွဲအလိုမှာကတည်းက ဂျပန်အသင်းက နောက်တဆင့် တက်ရောက်သွားပြီဖြစ်ပြီး ဆီးရီးယားနဲ့ မြောက်ကိုရီးယားတို့က လက်ကျန်တနေရာအတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ 

Source: Photo-MFF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013