Home
ဆောင်းပါး
D-Day အနှစ် ၈၀
DVB
·
June 6, 2024

မဟာမိတ်တပ်ဖွဲ့ဝင် ၁၆၀,၀၀၀ ကျော် ပါဝင်ခဲ့တဲ့ ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး ကမ်းတက် တိုက်ပွဲဟာ အခုနှစ် ဇွန်လ ၆ ရက်နေ့မှာ  အနှစ် ၈၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

စစ်ဆင်ရေးတခု စတင်တဲ့နေ့ မှန်သမျှကို ဒီဒေးလို့ ယေဘုယျခေါ်လို့ရပေမဲ့ ဒီဒေးလို့ဆိုရင် ၁၉၄၄ ခုနှစ် နော်မန်ဒီကမ်းတက်တိုက်ပွဲကို ဆိုလိုတာလို့ တကမ္ဘာလုံးက လက်ခံထားပါတယ်။

အဒေါ့ဖ်ဟစ်တလာရဲ့ ဂျာမန်အင်ပါယာ အဆုံးသတ်မှုရဲ့ အစလို့ဆိုရမယ့် ဒီစစ်ဆင်ရေးဟာ ပြင်သစ်နိုင်ငံနဲ့တကွ အနောက်ဥရောပ လွတ်မြောက်ရေးအတွက် အဓိကကျခဲ့သလို အနောက်ဘက်စစ်မျက်နှာမှာ မဟာမိတ်တပ်တွေ အောင်ပွဲရဖို့ အုတ်မြစ်ချပေးခဲ့ပါတယ်။

ဒီစစ်ဆင်ရေးအတွက် ၁၉၄၃ ကတည်းက စတင်ပြင်ဆင်ခဲ့ပါတယ်။ မဟာမိတ်တပ်တွေ ဆင်းသက်မယ့်နေရာနဲ့ အချိန်ကို လှည့်ဖြားဖို့ စစ်ရေးပရိယာယ်တွေ သုံးခဲ့ပြီး ကိုယ်ရံတော်စစ်ဆင်ရေးလို့ ခေါ်တဲ့ ယောင်ပြစစ်ဆင်ရေးတခုပါ လုပ်ခဲ့ပါတယ်။ မဟာမိတ်တပ်ပေါင်းစုရဲ့ တပ်မှူးချုပ်ဖြစ်တဲ့ အဲဒီတုန်းက ဗိုလ်ချုပ် ဒွိုက်အိုက်ဆင်ဟောင်ဝါက ဇွန်လ ၅ ရက်နေ့ကို ဒီဒေးအဖြစ် သတ်မှတ်ခဲ့ပေမဲ့ လှိုင်းကြီးလေထန်တဲ့အတွက် ၂၄ နာရီ နောက်ရွှေ့ခဲ့ရပါတယ်။

အဲဒီတုန်းက နော်မန်ဒီ ကမ်းတက်စစ်ဆင်ရေးကို စီမံခန့်ခွဲတဲ့ ရုံးချုပ်အခြေစိုက်ရာ ယူကေရှိ ဆောက်ဝစ်ဟောက်စ်က အနေအထားကို ဗိုလ်မှူးကြီး ဂရင်းက အခုလို ပြန်ပြောပြပါတယ်။

တော်ဝင်စစ်ရဲတပ်ဖွဲ့  တပ်ရင်းအတွင်းဝန် ဗိုလ်မှူးကြီး ဂျိမ်းစ်ထရွိုင်ဂရင်းက “ဒီနေရာက ထိပ်တန်းအရာရှိကြီးတွေ စုဝေးတဲ့နေရာပေါ့။ သူတို့က ဆုံးဖြတ်ချက်ချတာလေ။ စစ်ဆင်ရေး တိုးတက်မှု အခြေအနေကို စောင့်ကြည့်တယ်။ စစ်ဆင်ရေးအခြေအနေကို ဝါရှင်တန်ရော လန်ဒန်ကိုရော နှစ်ဖက်အစိုးရတွေကို သတင်းပို့ရတာပေါ့။ ပြီးတော့ တိမ်းရှောင်နေရတဲ့ မဟာမိတ်အစိုးရပေါ့။ ဒါပေမဲ့ အရေးအကြီးဆုံးက ရေတပ်ဖွဲ့တွေ နေရာချထားတဲ့ အချိန်ဇယားပဲ၊ အရမ်းအရမ်းကို အလုပ်ရှုပ်ခဲ့ကြတာ။ အဲဒီတုန်းက လူတိုင်းက ဆေးလိပ်ကလည်း သောက်၊ တခန်းလုံး အငွေ့တွေနဲ့ ဆူညံသံတွေနဲ့ အချက်ပေးသံတွေနဲ့ ကြေးနန်းတွေကလည်းလာ၊ အကုန်လုံး ရှုပ်ထွေးနေတာ၊ ဖုန်းတွေက တဂွမ်ဂွမ်၊ စုဖွဲ့ပြီးတော့ ဝရုန်းသုန်းကား ဖြစ်နေကြတာပေါ့” လို့ ပြန်ပြောပြပါတယ်။

နော်မန်ဒီကမ်းတက်တိုက်ပွဲမှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဘယ်လ်ဂျီယမ်၊ နော်ဝေ၊ ပိုလန်၊ လူဇင်ဘာ့ဂျ်၊ ဂရိ၊ ချက်ကိုစလိုဗက်ကီးယား၊ နယူးဇီလန်၊ ဩစတြေးလျတပ်ဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဗြိတိန်နဲ့ ကနေဒါတပ်ဖွဲ့ဝင် ၇၅,၂၁၂ ဦး၊ အမေရိကန်တပ်ဖွဲ့ဝင် ၅၇,၅၀၀ ဦးနဲ့ ပြင်သစ်ကွန်မန်ဒို ၁၇၇ ဦး ပါပါတယ်။

ဇွန်လ ၆ ရက် နေ့ကူးခါစ သန်းခေါင်အကျော်မှာ စစ်ဆင်ရေးစတင်ခဲ့ပြီး လေကြောင်းနဲ့ ရေကြောင်းက အကြီးအကျယ် ဗုံးကြဲခဲ့သလို လေထီးခုန်စစ်သည် ၂၄,၀၀၀ ဆင်းသက်ခဲ့ပါတယ်။ အစောပိုင်း လေကြောင်းတိုက်ခိုက်မှုအပြီးမှာ မဟာမိတ်တပ်တွေဟာ မနက် ၆ နာရီခွဲမှာ ရေကြောင်းကနေ ကမ်းတက်စစ်ဆင်ရေး စတင်ခဲ့ပါတယ်။

နက်ပကျွန်းလို့ ကုတ်နာမည်ပေးထားတဲ့ ဒီဒေးကမ်းတက်စစ်ဆင်ရေးနဲ့ ဆက်စပ် စစ်ဆင်ရေးတွေဟာ  ပြင်သစ်အနောက်မြောက်ကမ်းရိုးတန်းတလျှောက် မိုင် ၅၀ ရှည်လျားတဲ့ ကမ်းတက်ဇုန်တလျှောက်မှာ ကမ်းခြေ ခြေကုပ်စခန်းငါးခု ထူထောင်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီနေရာငါးခုကို ကုတ်နာမည်တွေအနေနဲ့ ယူတား၊ အိုမာဟာ၊ ဂိုး၊ ဂျူနိုနဲ့ စဝေါ့ဒ် လို့ အမည်ပေးခဲ့ပါတယ်။

ထိုးစစ်ဆင်တဲ့ရေတပ်မှာ သင်္ဘောနဲ့ ကမ်းတက်ရေယာဉ် ၇,၀၀၀ နီးပါး ပါဝင်ခဲ့ပြီး အဲဒီထဲက ၁,၀၀၀ ကျော်ကပဲ စစ်သင်္ဘောတွေဖြစ်ပါတယ်။ စစ်သည်၊ စစ်လက်နက်ပစ္စည်း၊ ထောက်ကူပြုယာဉ်နဲ့ ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ဖို့အပြင် ဆိပ်ကမ်းမရှိတာကို ကျော်လွှားနိုင်ဖို့ ဧရာမဆိပ်ကမ်းတုကြီးနှစ်ခုကို ဆွဲလာဖို့နဲ့ အလျင်အမြန် ကုန်ချနိုင်ဖို့ ရေယာဉ်တွေ သုံးခဲ့ရပါတယ်။

အသက် ၉၉ နှစ်အရွယ် ဒီဒေးစစ်ပြန်ကြီး ဂျော့ချ် ချန်ဒလာက “င့ါအမှတ်တရတွေကို ပြန်ပြောရမယ်ဆိုရင်တော့ ဘယ်လိုပြောရမလဲ၊ အင်မတန် ကြေကွဲစရာ အမှတ်တရတွေပေါ့ကွာ၊ ဘာလို့လဲဆိုတော့ အင်မတန်ငယ်တဲ့ အမေရိကန်ရိန်းဂျားတွေ အသတ်ခံရတာ၊ ပစ်သတ်ခံရတာ မဟုတ်ဘူးနော်၊ ရက်ရက်စက်စက် အသတ်ခံရတာ၊ အဲဒီတုန်းက တော်တော်ငယ်ကြသေးတာ၊ ငါတောင် ၁၉ နှစ်လေ၊ အဲဒီတုန်းက သူတို့က ငါ့ထက်ပိုငယ်တယ်၊ သူတို့နဲ့ လက်တွဲလုပ်ခဲ့ရတာ အင်မတန်ဂုဏ်ယူပါတယ်ကွာ” လို့ ပြောပါတယ်။

ကမ်းတက်ခဲ့တဲ့ စစ်သည်တွေဟာ ကမ်းခြေကို ချိန်ထားတဲ့ လက်နက်ကြီးတွေရဲ့ အကြီးအကျယ် ပစ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကမ်းရိုးတမ်းမှာ မိုင်းတွေထောင်ထားသလို တုတ်ချွန်တွေ၊ သတ္တုသုံးချောင်းထောက်တွေ၊ သံဆူးကြိုး‌ေတွနဲ့ ကာရန်ထားတဲ့အတွက် ကမ်းခြေရှင်းလင်းတဲ့ အဖွဲ့တွေဟာ အကျအဆုံး များခဲ့ပါတယ်။ မြင့်မားတဲ့ ကမ်းပါးကြီးတွေရှိတဲ့ အိုမာဟာဘက်ခြမ်းကတော့ အသေအပျောက် အများဆုံးဖြစ်ခဲ့ပါတယ်။ ဂိုး၊ ဂျူနို၊ စဝေါ့နဲ့ တခြား အခိုင်အမာ ခံစစ်ပြင်ထားတဲ့မြို့တွေမှာ တအိမ်ချင်း ဝင်ရှင်းလင်းခဲ့ရပါတယ်။

မြေးဖြစ်သူကျေးဇူးနဲ့ တစ်တော့မှာ “ပါးပါးဂျိတ်” ဆိုပြီး ဆယ်လီဖြစ်နေတဲ့ အသက် ၁၀၁ နှစ် ရှိပြီဖြစ်တဲ့ ဒီဒေးစစ်ပြန်ကြီး ဂျိတ်လာဆင်ကတော့ အဲဒီတုန်းကအကြောင်းကို ပြန်ပြောပြပါတယ်။

ဒုတိယကမ္ဘာစစ် စစ်ပြန်ကြီး ဂျိတ်လာဆင်ဟာ အသက် ၁၀၁ နှစ် ရှိပြီဖြစ်ပေမဲ့ သူ့မှတ်ဉာဏ်ကတော့ “ထက်” နေတုန်းပါပဲ။ ကာလီဖိုးနီးယားပြည်နယ်၊ မာတီနက်ဇ်က စစ်သားဘဝ အမှတ်တရပုံရိပ်တွေနဲ့ ပြည့်နေတဲ့ သူ့အိမ်မှာ ထိုင်ရင်း ဒီဒေးတိုက်ပွဲမှာ အိုမာဟာ ကမ်းခြေကို ဆင်းသက်ခဲ့တဲ့အကြောင်း ပြန်ပြောပြနေပါတယ်။

လာဆင်ဟာ ၇၄ ပေါင်လေးတဲ့ လက်နက်ခဲယမ်းတွေပါတဲ့ ကျောပိုးအိတ်ကို လွယ်ရင်း ၄ ပေလောက်အထိ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ လှိုင်းလုံးကြား ထွန့်ထွန့်လူးနေတဲ့ ကမ်းတက်ယာဉ်ပေါ်မှာ လိုက်ပါခဲ့ရပါတယ်။ ဂျာမန်တွေကလည်း သောင်ခုံပေါ်ကနေ ၁၄ လက်မ အမြောက်ဆန်တွေ၊ လက်နက်ငယ်တွေနဲ့ ပစ်နေပါတယ်။ ဒါတွေထက်ပိုပြီး သူမှတ်မိတာက အဲဒီနေ့ကို မကျော်နိုင်ခဲ့တဲ့ သူ့ရဲဘော်တွေအကြောင်းပေါ့။

လာဆင်ဟာ ဆယ်ကျော်သက်အရွယ်မှာ အမျိုးသားအစောင့်တပ်ကို ဝင်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်စတော့ ကြည်းတပ်အတွက် ဆင့်ခေါ်ခံခဲ့ရပါတယ်။  မြောက်အိုင်ယာလန်မှာ တပ်စွဲခဲ့ရအပြီး အမှတ် ၅ တပ်မမှာ တာဝန်ကျပါတယ်။ အမှတ် ၅ တပ်မနဲ့ပဲ ဒီဒေးမှာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ကိုသယ်လာတဲ့ ရေယာဉ်ပေါ်ကနေ အင်္ဂလိပ်ရေလက်ကြားက အေးစက်နေတဲ့ ရေပြင်ထဲ တယောက်ပြီးတယောက် ခုန်ဆင်းကြရပါတယ်။ လည်ပင်းလောက်နက်တဲ့ ရေစပ်မှာ  ရိုင်ဖယ်ကို ခေါင်းပေါ်မြှောက်ကိုင်ပြီး ကမ်းခြေရောက်အောင် ဆက်လျှောက်ရပါတယ်။

ကျောက်ဆောင်အကွယ်တခုနား ရောက်တော့ ခဏနားပါတယ်။ ရေလုံအိတ်ထဲက စီးကရက်တလိပ်ကို ထုတ်ပြီး သောက်မယ်လုပ်တော့ သူ့မီးခြစ်က ရေစိုနေပါပြီ။

“အဘ ညာဘက်ဘေးမှာ တယောက်ရောက်လာတယ်ဆိုတာ သတိထားမိတယ်၊ အဲဒါနဲ့ ကျုပ်လည်း ဟိတ်လူရေ ခင်ဗျားမှာ မီးခြစ်ပါလားပေါ့၊ မေးတော့လည်း ဘာမှပြန်မပြောဘူးဗျ၊ ဒါနဲ့ လှည့်ကြည့်လိုက်တယ်၊ လဲကျနေတာ၊ စစ်ဦးထုပ်အောက်မှာ ခေါင်းမရှိတော့ဘူး၊ တကယ်ကို မျက်လှည့်ပြလိုက်သလိုပဲ၊ အဲဒီအချိန် ကျနော့်နားထဲမှာ အဲဒီလူရဲ့ဝိညာဉ်က စကားပြောသလိုမျိုး ကြားယောင်နေတယ်၊ ဟေ့ရောင် မြန်မြန်ထပြီး အခုပြေးတော့ ဆိုပြီးတော့လေ၊ ကျုပ်လည်း အဲ့လိုလုပ်ခဲ့တာပေါ့။”

ဘေးလွတ်ရာကို သူပြေးနိုင်ခဲ့ပြီး ဆက်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီဒေးမှာ သူရှင်ကျန်ခဲ့သလို နောက်ထပ် တိုက်ပွဲခြောက်ခုထိ ဆင်နွှဲနိုင်ခဲ့ပါတယ်။ ကိုဗစ်ကာလမှာ မြေးမလေးကျေးဇူးနဲ့ အကောင့်ဖွင့်ဖြစ်ပြီး တစ်တော့မှာ သူ ဒီအကြောင်းတွေ ပြန်ပြောပြဖြစ်ပါတယ်။

“မြေးလေးကပြောတယ်၊ သူ့တစ်တော့မှာ ငါ့ကိုပါ ထည့်ထားတယ်တဲ့၊ တစ်တော့ဆိုတာ ဘာကြီးတုန်းပေါ့၊ အဘိုးလည်း မကြားဖူးဘူးဆိုတော့၊ အဲဒီမှာ အဘိုးရဲ့ စစ်ပွဲအကြောင်း ဇာတ်လမ်းလေးတွေ တင်တာတဲ့၊ သူရိုက်ထားတာလေးတွေ ထည့်သုံးတာတဲ့လေ။ အခု ကျုပ်ကို ဖော်လိုးထားတာ ၈ သိန်းကျော်သွားပြီ။ ကျုပ်ပြောပြတဲ့ပုံစံကို ကြိုက်ကြတာလေ။ အပြောကောင်းတာလည်း ပါတာပေါ့၊ ကျုပ်ကြုံခဲ့ရသလိုပဲ ပြောတာပါ။”

@StoryTimeWithPapaJake အကောင့်မှာ ဖော်လိုဝါ ၈ သိန်းကျော်၊ လိုက်ခ် ၈ ဒသမ ၇ သန်းတောင်ရှိနေသလို ပရိသတ်‌ေတွဆီက ပေးစာတွေလည်း ပုံမှန်ရနေတယ်လို့ ဆိုပါတယ်။ ဒီဒေးတိုက်ပွဲရဲ့ ဇာတ်သိမ်းခန်းကို ပြန်သွားကြည့်ကြရအောင်ပါ။

“အဲဒီနေရာကို ပြန်သွားခွင့်ရတာကိုက ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ဒီဒေးမှာ သူတို့ဘဝတွေကို ပေးခဲ့တဲ့ ထောင်နဲ့ချီတဲ့လူတွေရဲ့ ဝိညာဉ်တွေကို ကျုပ် သိတယ်လေ။ လူတွေအများကြီးသေခဲ့တဲ့ အဲဒီမိုင်းကွင်းကို ဖြတ်လျှောက်ခဲ့ရတယ်။ မိုင်းတွေကြောင့်တင်မကဘူး၊ လက်နက်ငယ်နဲ့ အပစ်ခံရတာလည်း ပါတယ်။ သူတို့က အထက်စီးကနေ လှမ်းပစ်တာလေ။ ဒီလူတွေ၊ ကျဆုံးသွားတဲ့လူတွေက ဂုဏ်ပြုထိုက်တဲ့သူတွေပါ။”

ပထမနေ့မှာ မဟာမိတ်တပ်တွေဟာ ကမ်းခြေမှာ ခြေကုပ်စခန်းတွေ တည်ထောင်နိုင်တာက လွဲရင် အဓိကရည်မှန်းချက်တွေ မအောင်မြင်ခဲ့ပါဘူး။ ပထမနေ့မှာ ဂျူနိုနဲ့ ဂိုး ကမ်းခြေစခန်း နှစ်ခုပဲ ချိတ်ဆက်နိုင်ခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့မတိုင်မီအထိ စခန်း ၅ ခုစလုံး မချိတ်နိုင်ခဲ့ပါဘူး။

ကနဦးထိုးစစ်မှာ အမေရိကန်စစ်သည် ၆,၀၀၀၊ ဗြိတိန်နဲ့ ကနေဒါစစ်သည် ၄,၃၀၀ ကျဆုံးခဲ့ပါတယ်။ ဂျာမန်ဘက်က ဘယ်လောက်ကျတယ် အတိအကျ မသိရပေမဲ့ ၄,၀၀၀ နဲ့ ၉,၀၀၀ ကြားလို့ ခန့်မှန်းမှု ကွဲပြားပါတယ်။ လူပေါင်း ၈၅၀,၀၀၀၊ ယာဉ် ၁၅၀,၀၀၀၊ ပစ္စည်းတန် ၅၇၀,၀၀၀ ပို့ပေးနိုင်ခဲ့တဲ့အချိန် ၁၉၄၄ မှာ နက်ပကျွန်းစစ်ဆင်ရေး တရားဝင် အဆုံးသတ်ပါတယ်။

ဒီစစ်ဆင်ရေးကြောင့် မဟာမိတ်တွေ ခြေကုပ်ယူနိုင်ခဲ့ပြီး ၄ နှစ်လောက် အသိမ်းခံထားရတဲ့ ပြင်သစ်ကို နာဇီ ဂျာမနီလက်က ပြန်သိမ်းနိုင်ခဲ့သလို ဒုတိယကမ္ဘာစစ်မှာ ဥရောပ လွတ်မြောက်ရေးအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်ခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024