စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်မှာရှိတဲ့ ရဲစခန်းနဲ့ စာရင်းစစ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဇွန် ၅ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) ဆီက သိရပါတယ်။
“ဒီပဲယင်းရဲစခန်းနဲ့ စာရင်းစစ်ရုံးတွေကို ဒရုန်းတွေနဲ့ ဗုံးသီး ၆ လုံး ကြဲချ တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်တွေကိုတော့ ထိထိရောက်ရောက်ထိပါတယ်´´ လို့ ရေဦး PDF ရဲ့ တာ၀န်ရှိသူတဦးက ဆိုပါတယ်။
ဗုံးကြဲတိုက်ခံရတဲ့ ဒီပဲယင်းရဲစခန်းနဲ့ မြို့နယ်စာရင်းစစ်ရုံးတွေကို ဒီဗွီဘီအနေနဲ့ မြို့ခံတွေကတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ခိုက်မှုမှာပါ၀င်ခဲ့တဲ့ ရေဦး PDF ရဲဘော်တဦးက “လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ရဲဘော်တွေရော ဒရုန်းတွေပါ အန္တရာယ်ကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိပေမဲ့ ဆက်လက် စုံစမ်းနေတယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်းဆီက သိရပါတယ်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန် ၅ ရက် မနက်ပိုင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူး တဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမှတ် (ဇ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲလွင်ဟာ ၁၃၃ လမ်းနဲ့ ၅၃ လမ်းဒေါင့်က လက်ဘက်ရည်ဆိုင်မှာ ထိုင်နေချိန် သေနတ်သမား ၂ ဦးက ပစ်သတ်သွားတာပါ။
"မနက် ၈ နာရီလောက်က ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ အားလုံးပေါင်း ခြောက်ချက် ခုနှစ်ချက်လောက် အနီးကပ် ပစ်သွားတာ။ ခေါင်းကို မှန်ပြီး အဲဒီနေရာမှာပဲ သေသွားတယ်" လို့ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးရဲလွင်အလောင်းကို လူမှုကူညီရေးကားနဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲနှစ် ဇန်နဝါရီ ၁၅ ရက်ကလည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောကို နေအိမ်မှာ ရှိချိန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။