Home
ဆောင်းပါး
VPN တွေကို ဘယ်လို သတိထား ရွေးချယ်သုံးစွဲသင့်လဲ 
DVB
·
June 6, 2024

အင်တာနက် အသုံးပြုတဲ့အခါ ကိုယ်အသုံးပြုတဲ့စက် (ဖုန်း၊ တက်ဘလက်၊ လပ်တော့ပ် စသည်) ကနေ အင်တာနက်ကွန်ရက်တခုခု (မိုဘိုင်းဒေတာ၊ ကြိုးမဲ့ဝိုင်ဖိုင်၊ ဖိုင်ဘာအင်တာနက် စသည်) ကို ချိတ်ဆက်ဖြတ်သန်းပြီး ကိုယ်ဘာတွေကို အသုံးပြုနေတယ်ဆိုတာ ကိုယ်သုံးနေတဲ့ အင်တာနက်ကွန်ရက်ဘက်က သိနေပါတယ်။ အလားတူ မိမိချိတ်ဆက်ရယူ အသုံးပြုတဲ့ ဝန်ဆောင်မှု (ဥပမာ- ဆိုရှယ်မီဒီယာနှင့် ဝက်ဘ်ဆိုက်များ) ဘက်ကလည်း မိမိ ဘယ်အင်တာနက်လိပ်စာ (ip address) က အသုံးပြုနေတယ်ဆိုတာကို သိနိုင်ပါတယ်။ VPN အသုံးပြုတဲ့အခါမှာတော့ ကိုယ်သုံးနေတဲ့ အင်တာနက်ကွန်ရက် (မိုဘိုင်းဒေတာ၊ ကြိုးမဲ့ဝိုင်ဖိုင်၊ ဖိုင်ဘာအင်တာနက် စသည်) ကတဆင့် သီးခြားနေရာတခုမှာရှိတဲ့ လုံခြုံအောင် စီမံပေးတဲ့ ကွန်ရက်တခုကို ချိတ်ဆက်စေတာ ဖြစ်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့စက်နဲ့ VPN ကွန်ရက်ကြားမှာ ဝှက်စာစနစ်ထူထောင်ပြီး ကိုယ့်စက်နဲ့ VPN ကွန်ရက်ကြားတွင်သာ နားလည်တဲ့ ဝှက်စာစနစ် (encryption) နည်းအရ မူလအင်တာနက်ကွန်ရက်က ကိုယ်ဘာကိုအသုံးပြုနေတယ်ဆိုတာ မသိနိုင်တော့အောင် လုပ်ဆောင်စေခြင်း ဖြစ်ပါတယ်။ မူလ အသုံးပြုနေတဲ့ အင်တာနက်က မိမိ VPN ဝန်ဆောင်မှုတခုခုကို အသုံးပြုနေသည်ကိုသာ သိရှိနိုင်ပြီး ဘာတွေသုံးစွဲတယ် ဆိုတာကို ယေဘုယျအားဖြင့် သိနိုင်မှာမဟုတ်ပါဘူး။ အလားတူပဲ မိမိချိတ်ဆက်ရယူ အသုံးပြုသော ဝန်ဆောင်မှု (ဥပမာ - ဆိုရှယ်မီဒီယာနှင့် ဝက်ဘ်ဆိုက်များ) ဘက်ကလည်း မိမိဘယ်အင်တာနက်လိပ်စာ (ip address) မှ အသုံးပြုနေတယ် ဆိုတာအတွက် VPN ချိတ်ဆက်မှုကရမယ့် အင်တာနက်လိပ်စာကိုပဲ သိနေမှာပါ။

VPN ချိတ်ဆက်မှုအခြေအနေကို browser ကနေ ကိုယ်တိုင်စစ်ဆေးနိုင်ပါတယ်။ ရှာဖွေတဲ့နေရာ (search bar) မှာ ip.me လို့ ရိုက်ထည့်လိုက်ရင် ကိုယ်အသုံးပြုနေတဲ့ အင်တာနက်လိပ်စာကို ဖော်ပြမှာဖြစ်ပြီး VPN သုံးနေရင် ကိုယ် ချိတ်ဆက်ထားတဲ့ နိုင်ငံဒေသကို တွေ့နိုင်ပါတယ်။ www.dnsleaktest.com လို့ ရိုက်ထည့်ရင်လည်း ကိုယ်သုံးနေတဲ့ အင်တာနက်လိပ်စာကို ဖော်ပြပါတယ်။ ကိုယ် ချိတ်ဆက်ထားတဲ့ ကွန်ရက်က လုံခြုံနေလား၊ ယိုပေါက်ဖြစ်နေလား ဆိုတာကို standard test နဲ့ extended test ဆိုတဲ့ ရွေးချယ်စရာနှစ်ခုနဲ့ စစ်ဆေးနိုင်ပါတယ်။ အလွယ်ပြောရရင် extended test နဲ့ဆို အကြိမ်ရေ ပိုများများ စစ်ဆေးပေးပါတယ်။ မူလအင်တာနက်ရဲ့ မြန်နှုန်း၊ VPN ရဲ့ မြန်နှုန်းပေါ်မူတည်ပြီး extended test က မိနစ်ပိုင်းလောက် စောင့်ရနိုင်ပါတယ်။ စစ်ဆေးမှုပြီးမြောက်ရင် ip address, host name, isp နဲ့ country တို့ပါတဲ့ ဇယားကွက်လေး ပေါ်လာမှာ ဖြစ်ပါတယ်။ အကယ်၍ isp နဲ့ country အမည်တွေမှာ ကိုယ်ချိတ်ထားတဲ့ VPN နိုင်ငံမဟုတ်ဘဲ မူလအင်တာနက်ရဲ့ နိုင်ငံ (ဥပမာ- မြန်မာ)၊ ကိုယ်သုံးနေတဲ့ sim card, wifi company ရဲ့ အမည်တွေကို မြင်နေရရင် အကြမ်းအားဖြင့် ယိုပေါက်ဖြစ်နေပြီဆိုတာ သိနိုင်ပါတယ်။ ကိုယ့်ရဲ့ VPN ချိတ်ဆက်ထားမှု လုံခြုံနေရဲ့လား သိနိုင်ဖို့ စစ်ဆေးတဲ့ အလေ့အကျင့် ရှိထားတာ ကောင်းပါတယ်။ အခပေး VPN အများစုမှာတော့ ချိတ်ဆက်မှု ယိုပေါက်ဖြစ်နေနိုင်ခြေ ပိုနည်းနိုင်ပါတယ်။

VPN တွေနဲ့ပတ်သက်ရင် သိထားသင့်တာ၊ စဥ်းစားသင့်တာတွေလည်း ရှိပါတယ်၊ ကိုယ် အသုံးပြုနေတဲ့ မူလအင်တာနက် (မိုဘိုင်းဒေတာ၊ ကြိုးမဲ့ဝိုင်ဖိုင်၊ ဖိုင်ဘာအင်တာနက် စသည်) ကို မယုံကြည်နိုင်လို့ ဒါမှမဟုတ် အင်တာနက်ပေါ် ပိတ်ပင်မှုတွေရှိနေလို့ encrypted VPN ကွန်ရက်ကို ချိတ်ဆက်ဆောင်ရွက်ရတဲ့အခါမှာ အဲဒီ VPN ကွန်ရက်က ကမ္ဘာတလွှား သုံးစွဲသူကြားမှာ ယုံကြည်စိတ်ချရတဲ့အဆင့် ရှိနေဖို့တော့ လိုပါတယ်။ ကိုယ့်ရဲ့ သုံးစွဲမှုမှတ်တမ်းတွေ၊ အင်တာနက်သုံးစွဲမှုဆိုင်ရာ ကိုယ်ရေးအချက်အလက်နဲ့ အမှတ်အသားတွေကို သိမ်းဆည်းရယူနေသလား၊ ပြန်လည်ရောင်းချပြီး အကျိုးအမြတ် ယူနေသလား ဆိုတာတွေက အရေးကြီးပါတယ်။ App store တွေကနေ ထည့်သွင်းအသုံးပြု (install) လို့ရတိုင်း ယုံကြည်နေရတာမျိုး မဟုတ်ပါဘူး။ သုံးစွဲသူတွေအနေနဲ့ မိမိသုံးစွဲမယ့် ဆော့ဝဲလ်နဲ့ အက်ပလီကေးရှင်းတွေရဲ့ မူဝါဒတွေ၊ စည်းမျဥ်းတွေ၊ အခြားသော သုံးစွဲသူတွေကြား ပုံရိပ်ကောင်း ရှိ မရှိ၊ နည်းပညာကျွမ်းကျင်သူတွေရဲ့ အကြံပြုမှု ရှိသလားနဲ့ တခြားသော ပုံစံတူထဲက ဘာတွေရှိနိုင်သေးသလဲ ဆိုတာတွေကို တတ်နိုင်သမျှ ရှာဖွေဖတ်ရှုသင့်ပါတယ်။ ဥပမာ- VPN ရွေးချယ်မှုမှာဆို အဲဒီ VPN ရဲ့ တရားဝင်ဝက်ဆိုက်ပေါ်က မူဝါဒတွေ၊ ဝန်ဆောင်မှုအမျိုးအစားတွေ အပြင် အခြားသော သုံးစွဲသူတွေနဲ့ နည်းပညာပိုင်း သုံးသပ်မှုတွေကို ဦးစွာ ရှာဖွေဖတ်ရှုသင့်ပါတယ်။ အချက်အလက် သိမ်းဆည်းခြင်း၊ ပြန်လည်ရောင်းချခြင်းတွေအတွက် မူဝါဒ ရှင်းရှင်းလင်းလင်းရှိလား၊ တခြားသုံးစွဲသူတွေနဲ့ နည်းပညာရပ်ဝန်းမှာ ဂုဏ်သတင်းကောင်း၊ မကောင်းကို အနည်းနဲ့အများ ရှာတွေ့နိုင်ပါတယ်။

VPN တွေ ချိတ်မရတိုင်းလည်း လူမှုကွန်ရက်ပေါ် တွေ့ရသမျှ VPN တွေကိုလည်း အဆင်ခြင်မဲ့ ထည့်သွင်းအသုံးမပြုသင့်ပါဘူး။ လူတွေကြားထဲ ဂယက်များနေချိန်၊ တောင်းဆိုမှု မြင့်နေချိန်မှာ အယောင်ဆောင် ပရိုဂရမ်တွေကတဆင့် အင်တာနက်တိုက်ခိုက်မှုတွေ ခံရနိုင်ပြီး အချက်အလက်တွေ ခိုးယူနိုင်တဲ့ spyware နဲ့ malware တွေလည်း ဖြစ်နေနိုင်ပါတယ်။ ဆော့ဝဲလ်၊ အက်ပလီကေးရှင်းနဲ့ ပရိုဂရမ်တွေ ဒေါင်းလုတ်ရယူပြီး ထည့်သွင်းအသုံးပြုတဲ့အခါ ကိုယ်ရယူတဲ့ အရင်းအမြစ်က အရေးကြီးပါတယ်။ သက်ဆိုင်ရာ App store သို့မဟုတ် တရားဝင် ဝက်ဘ်ဆိုက်တွေကနေသာ ရယူသုံးစွဲသင့်ပါတယ်။ အထက်မှာပြောခဲ့သလို App store တွေကနေ ထည့်သွင်းအသုံးပြု (install) လို့ ရတိုင်းလည်း တထစ်ချ ယုံကြည်နေရတာမျိုး မဟုတ်နေသေးတဲ့အတွက် အခမဲ့ VPN တွေနဲ့ အခပေး VPN တွေကြားက ယေဘုယျ ကွဲပြားချက်တွေနဲ့ အကြံပြုလိုတဲ့ VPN များကို သိရှိနိုင်အောင် ဖော်ပြပေးပါရစေ။ 

မှတ်ချက်အနေနဲ့ ဒီဆောင်းပါးမှာဖြစ်စေ တခြားလူမှုကွန်ရက်နဲ့ ဆက်သွယ်ရေး အရင်းအမြစ်များမှဖြစ်စေ၊ အကြံပြုချက်တွေ့ရှိရတိုင်း VPN တွေကို မျက်စိမှိတ် ရွေးချယ်ခြင်းထက် အထက်မှာပြောခဲ့သလို ကိုယ်တိုင်ရှာဖွေစုံစမ်းမှုတချို့ ပြုလုပ်ပြီးမှ သုံးစွဲတာကို ပိုမိုအားပေးပါတယ်။ အခပေး VPN တွေ ဝယ်ယူသုံးစွဲပါကလည်း သက်ဆိုင်ရာ တရားဝင် ဝက်ဘ်ဆိုက်တွေကတဆင့် ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်။

ကွဲပြားမှုအခမဲ့ VPNအခပေး VPN
သုံးစွဲနိုင်သော အမြန်နှုန်းနှင့် ပမာဏအများအားဖြင့် အင်တာနက် အသုံးပြုရ နှေးကွေးပြီး လစဥ်သုံးစွဲနိုင်သော ပမာဏအကန့်အသတ်ရှိသည်။ အများအားဖြင့် အခမဲ့များထက် အင်တာနက်သုံးစွဲမှုပိုမိုမြန်ဆန်ပြီး အကန့်အသတ်မရှိ အသုံးပြုနိုင်သည်။
ချိတ်ဆက်နိုင်သော နေရာဒေသများ                                       အများအားဖြင့် ရွေးချယ်ချိတ်ဆက်နိုင်သော နေရာဒေသအနည်းငယ်သာ ပါရှိသည်။အများအားဖြင့် အခမဲ့များထက် ရွေးချယ်ချိတ်ဆက်စရာ နေရာဒေသ ပိုမိုများပြားသည်။
ဝှက်စာစနစ်နှင့် လုံခြုံရေးအဆင့် (encryption&protocols)     အများအားဖြင့် အားအကောင်းဆုံး မဟုတ်သော ဝှက်စာစနစ်နှင့် လုံခြုံရေးနည်းနာများကို သုံးသည်။အများအားဖြင့် ခေတ်မီပြီး အားကောင်းသော ဝှက်စာစနစ်နှင့် လုံခြုံရေးနည်နားများကို သုံးသည်။
လုပ်ဆောင်ချက်များ အများအားဖြင့် အင်တာနက်လိပ်စာ (ip address) ကိုသာ ပြောင်းလဲစေပြီး ထပ်ဆောင်းကာကွယ်မှုများ ပါဝင်လေ့မရှိပါ။အင်တာနက်လိပ်စာ ပြောင်းလဲစေခြင်းအပြင် kill switch (VPN ချိတ်ဆက်မှု မပါဘဲ သို့မဟုတ် ပြတ်တောက်ပါက အလိုလျောက် အင်တာနက်သို့ ချိတ်ဆက်မှု မရှိနေစေခြင်း)၊ ကြော်ငြာများကို ပိတ်ပင်ပေးခြင်းအပြင် အခြားသော အပိုဆောင်း စွမ်းဆောင်ရည်များ ပါဝင်နိုင်သည်။
သုံးစွဲသူများအတွက် မူဝါဒနှင့် ယုံကြည်နိုင်မှုအခမဲ့ vpn များသည် မူဝါဒနဲ့
စည်းမျဥ်းထိန်းကျောင်းမှု အားနည်းသော ဒေသများတွင် အခြေစိုက်ထားနိုင်ပြီး ကိုယ်ရေးအချက်အလက် အကာအကွယ်ပေးမှုအားနည်း ခြင်းအပြင် ယင်းတို့ကို စုဆောင်းသိမ်းဆည်းခြင်း၊ ပြန်လည်ရောင်းချခြင်း စသည့် ဖြစ်နိုင်ခြေများလည်းမြင့်မား နိုင်သည်။ အများအားဖြင့် အခမဲ့ vpn များသည် security နှင့် privacy အတွက် နည်းပညာလုံခြုံရေးအစုအဖွဲ့ များထံတွင် အစစ်ဆေးခံသည့် (audit)လုပ်ငန်းစဥ်များကို လုပ်ဆောင်နိုင်ခြေနည်းသည်။
အခပေး vpn များသည် အများအားဖြင့် ဥပဒေနှင့် မူဝါဒအားကောင်းသော ဒေသများတွင် အခြေစိုက်ပြီး ထိန်းကျောင်းမှုများ ရှိနိုင်သောကြောင့် အခမဲ့များထက်စာလျင် ကိုယ်ရေးအချက်အလက် အကာကွယ်ပေးနိုင်ခြေ ပိုများပြီး ယင်းတို့ကို စုဆောင်းသိမ်းဆည်းခြင်း၊ ပြန်လည်ရောင်းချခြင်း စသည်တို့  ဖြစ်နိုင်ခြေ ပိုနည်းနိုင်သည်။                       
အခပေး vpn များသည် security နှင့် privacy အတွက် နည်းပညာလုံခြုံရေးအစုအဖွဲ့များထံတွင် အစစ်ဆေးခံသည့် (audit)လုပ်ငန်းစဥ်များကို လုပ်ဆောင်ကြသည်။
အသုံးပြုသူများအတွက် ဝန်ဆောင်မှုသုံးစွဲသူ၏ အခက်အခဲနှင့် ဝန်ဆောင်မှုအတွက် ဆက်သွယ်ဆောင်ရွက်မှုများ အကန့်အသတ်ရှိနိုင် သို့မဟုတ် ကင်းမဲ့နိုင်သည်။အခပေးများသည် အများအားဖြင့် အီးမေးလ်၊ တိုက်ရိုက်စာပို့စနစ်နှင့် ဖုန်းခေါ်ဆိုမှုများမှတဆင့် ရုံးချိန်သို့မဟုတ် ၂၄ နာရီ ဆက်သွယ်နိုင်မှုများဖြင့် ကြော်ငြာဆွဲဆောင်သည်။

အကြံပြုလိုသော အခမဲ့ VPN များ

၁။ Proton VPN

အခမဲ့သုံးစွဲမှုတွင် ရွေးချယ်ချိတ်ဆက်နိုင်သော နေရာဒေသ အနည်းငယ်သာပါရှိပြီး အင်တာနက်ချိတ်ဆက်မှု နှေးကွေးသော်ငြား အကန့်အသတ်မဲ့ အသုံးပြုနိုင်သည်။ ကိုယ်ရေးအချက်အလက်နှင့် သုံးစွဲမှုမှတ်တမ်းများကို သိမ်းဆည်းထားခြင်းမရှိဘဲ ယင်းအတွက်လည်း လွတ်လပ်သော လုံခြုံရေး ကျွမ်းကျင်သူများထံတွင် အစစ်ဆေးခံသည့် (audit) လုပ်ငန်းစဥ်ကို ဆောင်ရွက်ထားသည်ဟု ဖော်ပြထားသည်။

၂။ Windscribe VPN

အခမဲ့သုံးစွဲမှုတွင် အကန့်အသတ်ရှိ၍ လစဥ် 2GB ရရှိပြီး email အသုံးပြု၍ အကောင့်ဖွင့်ပါက လစဉ် 10 GB အထိ အသုံးပြုနိုင်သည်။ ၎င်းသည်လည်း အစစ်ဆေးခံသည့် (audit) လုပ်ငန်းစဥ်ကို ဆောင်ရွက်ထားသည်ဟု ဖော်ပြထားသည်။

အကြံပြုလိုသော အခပေး vpn များ

၁။ Proton VPN

၂။ Mullvad VPN

၃။ ExpressVPN

၄။ NordVPN

၅။ TunnelBear VPN

၆။ Surf Shark VPN

ရဲဘော်သုညတစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013