မွန်ပြည်နယ်မှာ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၃၄၀,၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ကျောင်းအပ်နှံသူ ၂၀,၀၀၀ ကျော် ပိုများခဲ့တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေဟာ ဇွန် ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၃၄၆,၈၀၄ ဦး ကျောင်းအပ်နှံခဲ့ပါတယ်။
၂၀၂၃-၂၄ ပညာသင်နှစ်က ကျောင်းအပ်နှံသူ ၃၁၈,၄၀၀ ကျော်သာ ရှိခဲ့တာကြောင့် အခုနှစ်မှာ အရင်နှစ်ကထက် ကျောင်းအပ်နှံသူ ၂၇,၀၀၀ ကျော် တိုးလာခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်မှ ဆရာမတဦးက “တိုက်ပွဲဖြစ်တဲ့နေရာတွေက ကလေးတွေကို မြို့ထဲမှာ ကျောင်းလာထားကြတာ များလာတယ်။ အဲဒါကြောင့် ကျောင်းအပ်နှုန်း တိုးလာတာ ထင်တယ်။ ကျောင်းအပ်လက်ခံတဲ့အချိန်မှာ ပိုက်ဆံတွေ ဘာတွေ ကောက်ခံတာတော့ မရှိပါဘူး” လို့ ပြောပါတယ်။
မွန်ပြည်နယ်အတွင်း အခုပညာသင်နှစ်မှာ ကျောင်းပေါင်း ၁,၃၈၅ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပေမဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ကျောင်း ၂၀၀ ကျော်မှာ ဖွင့်လှစ်နိုင်တာ မရှိသေးဘူးလို့ မွန်ပြည်နယ် ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်နေတဲ့ ဘီးလင်းမြို့နယ်မှ အမျိုးသားတဦးက “ကလေးကို ကျောင်းထားဖို့ မပြောပါနဲ့၊ တနေ့တနေ့ လက်နက်ကြီးမကျမယ့် နေရာတွေမှာ လိုက်ရှောင်နေရတာက အလုပ်ဖြစ်နေတာ။ ကျောင်းထားဖို့က ကိုယ့်ရွာကို အရင်ပြန်ရောက်ဖို့ လိုသေးတာ။ မြို့ထဲမှာထားဖို့ကလည်း လက်ရှိကုန်ကျစရိတ်နဲ့က အဆင်မပြေပါဘူး” လို့ ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရောနဲ့ ရေးမြို့တို့မှာ စစ်တပ်အာဏာသိမ်းပြီးတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အခြေခံပညာကျောင်း ၂၀၀ ကျော် ဖွင့်လှစ်နိုင်တာ မရှိသေးပါဘူး။