ဆော်ဒီအာရေဗျနဲ့ နယ်စပ်နားက နယ်စပ်စခန်းကနေ ဖြတ်သန်းပြီး ဘာသာရေး စစ်ဝါဒီတွေ သုံးတဲ့ ဂျီဟတ်ဒရပ်ဂ်လို့ ခေါ်တဲ့ ကပ်တာဂွန် စိတ်ကြွဆေး သန်းချီကို မှောင်ခိုသွင်းလာတဲ့ အသုတ် ၂ သုတ်ကို ကြားဖြတ် ဖမ်းဆီးခဲ့ပါတယ်။
ဒါဟာ ဆီးရီးယားတောင်ပိုင်းကနေ ပင်လယ်ကွေ့ စျေးကွက်တွေထဲကို ဖြန့်နေတဲ့ အီရန်နဲ့ ပတ်သက်နေတဲ့ ကွန်ရက်တွေက မှောင်ခိုသွင်းနေတဲ့ မူးယစ်ဆေးတွေကို လတ်တလော နှစ်တွေအတွင်း အကြီးဆုံး သိမ်းဆည်းရမိတာလည်း ဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ကားတွေထဲမှာ စိတ်ကြွဆေးတွေကို ဝှက်ပြီး သယ်လာတာကို အိုမာရီ နယ်စပ်ဖြတ်ကူးရေးစခန်းမှာ ဖော်ထုတ်နိုင်ခဲ့တာလို့ အရာရှိတွေက ရိုက်တာသတင်းဌာနကို ဇွန် ၅ ရက်မှာ ပြောခဲ့ပါတယ်။
ဂျော်ဒန်နိုင်ငံမြောက်ပိုင်းက ဆီးရီးယားနယ်စပ်ကို ဖြတ်ပြီး သယ်လာတဲ့ မူးယစ်ဆေးတွေကို ဥပဒေဆိုင်ရာ အာဏာပိုင်တွေက သီးခြားစစ်ဆင်ရေး ၂ ခုအတွင်း သီတင်းပတ်ချီ ခြေရာခံခဲ့တာပါ။
ဒါပေမဲ့ အရင်အခေါက်တွေနဲ့မတူဘဲ ဆော်ဒီနယ်စပ်မှာ မူးယစ်ဆေးတွေကို အာဏာပိုင်တွေက သိမ်းမိခဲ့ပါတယ်။
စစ်ဖြစ်နေတဲ့ ဆီးရီးယားဟာ ကပ်တာဂွန်လို့ သိကြတဲ့ အမ်ဖက်တာမင်း အမျိုးအစား စိတ်ကြွဆေးတွေ အကြီးအကျယ် ထုတ်လုပ်ရာ ဒေသတွင်း အဓိကနေရာ ဖြစ်လာပါတယ်။
ဂျော်ဒန်နိုင်ငံကတော့ ဒီဆေးတွေကို ရေနံကြွယ်ဝတဲ့ ပင်လယ်ကွေ့နိုင်ငံတွေဆီ တင်ပို့ရာ အဓိကလမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ အနောက်နိုင်ငံတွေက မူးယစ်တိုက်ဖျက်ရေး အရာရှိတွေက ပြောပါတယ်။
အမေရိကန်ဒေါ်လာ ဘီလီယံချီတန်တဲ့ လက်နက်နဲ့ မူးယစ်ကုန်ကူးမှု တိုးလာတဲ့ နောက်ကွယ်မှာ ဆီးရီးယားတောင်ပိုင်း နေရာအများအပြားကို ထိန်းချုပ်ထားတဲ့ အီရန်လိုလားတဲ့ ပြည်သူ့စစ်တွေနဲ့ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာအုပ်စုတွေ ရှိနေတယ်လို့ ဂျော်ဒန်အရာရှိတွေနဲ့ အနောက် မဟာမိတ်တွေက ပြောပါတယ်။
အီရန်နဲ့ ဟစ်ဇ်ဘိုလာတွေက စွပ်စွဲချက်တွေကို ငြင်းထားပါတယ်။ တရားမဝင် မူးယစ်ကုန်ကူးမှုဟာ ဆီးရီးယားမှာ ဆယ်နှစ်ကျော် စစ်ဖြစ်နေရတဲ့ အစိုးရလိုလားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ အီရန်လိုလားတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေကို ဘဏ္ဍာငွေ ပံ့ပိုးနေတယ်လို့ ကုလသမဂ္ဂ ပညာရှင်တွေ၊ အမေရိကန်နဲ့ ဥရောပ အရာရှိတွေက ပြောထားပါတယ်။
Source-Reuters