Home
အားကစား
ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများအပေါ် လေ့လာသုံးသပ်ချက် (အုပ်စု E)
DVB
·
June 7, 2024
Photo-Reuters

အုပ်စုတက်ဖို့ ဘယ်လ်ဂျီယံ ရေပန်းအစားဆုံးဖြစ်နေတဲ့ အုပ်စု E

ဘယ်လ်ဂျီယံဟာ ဆွီဒင်နဲ့ သြစတြီးယားတို့ ပါဝင်တဲ့ ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲမရှိရလဒ်နဲ့ ခြေစွမ်းပြသနိုင်ခဲ့ပြီး ၆ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၂၀ နဲ့ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာပါ။

ယူရိုပြိုင်ပွဲကို ၇ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး အမြင့်ဆုံးအောင်မြင်မှုအနေနဲ့ ၁၉၈၀ ပြိုင်ပွဲမှာ ဒုတိယတကြိမ်သာ ရရှိခဲ့ဖူးပါတယ်။

နည်းပြအဖြစ် အီတလီ-ဂျာမန်လူမျိုး ဒိုမီနစ်တက်ဒက်စ်ကိုက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စတင်တာဝန်ယူခဲ့ပြီး သူ့လက်ထက် ကစားခဲ့သမျှ ၁၂ ပွဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနဲ့ ယူကရိန်းအသင်းတွေနဲ့သာ တအုပ်စုတည်းကျခဲ့တဲ့ ဘယ်လ်ဂျီယံအတွက် နောက်တဆင့်တက်ဖို့က အခက်အခဲ မရှိနိုင်ပါဘူး။

ဒီဘရိုင်း၊ လူကာကူ၊ ဗာတွန်ဂမ်၊ ကာရစ္စကိုအစရှိတဲ့ ဘယ်လ်ဂျီယံ မျိုးဆက်အတွက် နောက်ဆုံးသော အဓိကပြိုင်ပွဲကြီးတရပ် ဖြစ်လာမှာဖြစ်ပြီး အောင်မြင်မှုနဲ့ အဆုံးသတ်နိုင်မလား၊ ကျရူံးမှုနဲ့ အဆုံးသတ်မလားဆိုတာ ယူရိုပြိုင်ပွဲရလဒ်တွေက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

ရိုမေးနီးယား

ခြေစစ်ပွဲအဆင့်မှာ ဆွစ်ဇာလန်နဲ့ အစ္စရေးကို ကျော်ဖြတ်ပြီး ရှုံးပွဲမရှိရလဒ်နဲ့ အုပ်စု ပထမနေရာကနေ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ရိုမေးနီးယားရဲ့ စွမ်းဆောင်ရည်က အံ့မခန်းပါပဲ။

၆ ကြိမ်မြောက် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး ခြေစစ်ပွဲအဆင့်က စွမ်းဆောင်ရည်အရ ဆိုရင် အုပ်စုအဆင့်မှာ ဘယ်လ်ဂျီယံကို ကောင်းကောင်းယှဉ်ကစားနိုင်သလို ဆလိုဗက်ကီးယားနဲ့ ယူကရိန်းတို့ကိုလည်း အနိုင်ယူနိုင်စွမ်း ရှိနေတယ်။

၂၀၀၀ ပြည့်နှစ် ယူရိုပြိုင်ပွဲက ရိုမေးနီးယားအသင်းကို ပြန်မြင်ရနိုင်မလား စောင့်ကြည့်သွားရမှာပါ။ ရိုမေးနီးယားဟာ အဲဒီနှစ် ယူရိုမှာ ပေါ်တူဂီ၊ အင်္ဂလန်၊ ဂျာမနီတို့နဲ့ တအုပ်စုတည်း ကျခဲ့ပေမဲ့ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ခဲ့ပြီး အီတလီကို ရှုံးနိမ့်ခဲ့လို့သာ ကွာတားဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရတာပါ။

တခုရှိတာက ရိုမေးနီးယားရဲ့ နောက်ဆုံးခြေစမ်းပွဲရလဒ်တွေမှာတော့ မြောက်အိုင်ယာလန်၊ ကိုလံဘီယာနဲ့ ဘူလ်ဂေးရီးယားတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ နည်းပြအဖြစ် ပြည်တွင်းကလပ်တွေမှာ အောင်မြင်မှုတွေရခဲ့တဲ့ ရိုမေးနီးယားလူမျိုးနည်းပြ အက်ဒွက်ဒ်က ၂၀၂၂ ခုနှစ်ကတည်းက တာဝန်ယူလာခဲ့တာ ဖြစ်ပါတယ်။

ဆလိုဗက်ကီးယား

ခြေစစ်ပွဲအဆင့်မှာ ပေါ်တူဂီရဲ့နောက် ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်မြင်လာခဲ့တာ ဖြစ်ပြီး ၆ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်တယ်။

နည်းပြအဖြစ် အီတလီနည်းပြ ဖရန်ဆက်စ်ကိုက ၂၀၂၂ ခုနှစ်က စတင်တာဝန်ယူခဲ့တာပါ။ မော်ရီဇီယိုဆာရီ၊ လူစီယာနိုစပယ်လက်တီ တို့လို ဝါရင့်နည်းပြတွေရဲ့ ညာလက်ရုံးအဖြစ် စီးရီးအေးကလပ်တွေမှာ နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ဖူးတာကြောင့် အတွေ့အကြုံရှိ နည်းပြတဦး ဖြစ်ပါတယ်။

နည်းပြချုပ်ဘဝကို ဆလိုဗက်ကီးယားအသင်းနဲ့ စတင် တာဝန်ယူခဲ့တာ ဖြစ်ပေမဲ့ ခြေစစ်ပွဲအောင်မြင်အောင် လမ်းညွှန်မှု ပေးနိုင်ခဲ့တာပါ။ ဂျာမနီ၊ အီတလီနဲ့ ဥရောပ ထိပ်တန်းလိဂ် အသင်းတွေမှာ ကစားနေသူတွေ ပါဝင်တာကြောင့် ဆလိုဗက်ကီးယားအသင်းကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ယူကရိန်း

ခြေစစ်ပွဲစဉ်တွေမှာ အင်္ဂလန်နဲ့ အီတလီကို အပြိုင်ကစားခဲ့ပြီး အီတလီနဲ့ ရမှတ်တူ အနေအထားကနေ အုပ်စုတတိယသာ ရရှိခဲ့လို့ ပလေးအော့ဖ်ပွဲစဉ် ဆက်လက်ကစားခဲ့ရတာပါ။ ပလေးအော့ဖ်အဆင့်မှာ ဘော့စနီးယားနဲ့ အိုက်စလန် အသင်းတွေကို ကျော်ဖြတ်အနိုင်ယူပြီး ယူရိုပြိုင်ပွဲကို ၄ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်တယ်။ ၂၀၂၀ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပြီး အခုနှစ်ပြိုင်ပွဲမှာ အသင်းတိုင်းကို အခက်တွေ့အောင် ကစားနိုင်စွမ်း ရှိနေတယ်။ ဇင်ချင်ကို၊ မူဒရစ်တို့ အပါအဝင် စပိန်ကလပ် ဂျီရိုနာအသင်းက တိုက်စစ်မှူးနှစ်ဦးကလည်း ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူကရိန်းဟာလည်း နောက်တဆင့် တနေရာအတွက် ဆလိုဗက်ကီးယား၊ ရိုမေးနီးယားတို့နဲ့အပြိုင် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013