Home
သုံးသပ်ချက်
ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများအပေါ် လေ့လာသုံးသပ်ချက် (အုပ်စု D)
DVB
·
June 6, 2024
Photo -REUTERS

ပြင်သစ်နဲ့ ဟော်လန် ထိပ်တိုက်တွေ့ဆုံနေတဲ့ အုပ်စု D

အုပ်စု D မှာ ပြင်သစ်အသင်းက ဟော်လန်၊ သြစတြီးယား၊ ပိုလန်အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။ အုပ်စု B လိုပဲ နောက်ထပ် မရဏအုပ်စုလို့ ဆိုနိုင်ပြီး ပိုလန်နဲ့ သြစတြီးယား အသင်းတွေဟာလည်း ပြင်သစ်နဲ့ ဟော်လန်ကို အခက်တွေ့အောင် ကစားနိုင်စွမ်း ရှိနေတယ်။

ဒုတိယရေပန်းအစားဆုံး ပြင်သစ်

ပြင်သစ်အသင်းက ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ဒုတိယရေပန်းအစားဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတယ်။ ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၈ ပွဲကစား၊ ၇ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ရယူပြီး အုပ်စုပထမနေရာကနေ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာပါ။ ၁၁ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတာဖြစ်ပြီး ၁၉၈၄ ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ်ပြိုင်ပွဲတွေမှာ ချန်ပီယံနှစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့ နည်းပြ ဒေးရွှန့်ကပဲ ဆက်လက်တာဝန်ယူ ကိုင်တွယ်နေပြီး နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ယူရိုချန်ပီယံဆုဖလား ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းသွားရမှာပါ။ တိုက်စစ်မှူး အမ်ဘာပေ အပါအဝင် ဒမ်ဘီလီ၊ ဂရစ်ဇ်မန်း တို့ရှိနေတဲ့ ပြင်သစ်အသင်းက ပြိုင်ဘက်တိုင်းကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေတယ်။ အုပ်စုပြိုင်ဘက်တွေက အမှားခံလို့မရတဲ့ အသင်းကောင်းတွေဖြစ်ပေမဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့က ပြင်သစ်အသင်းအတွက် မခက်ခဲနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဟော်လန်

ခြေစစ်ပွဲအဆင့်မှာ ၈ ပွဲကစား၊ ၆ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ခဲ့တဲ့ ဟော်လန်အသင်းဟာ နောက်ဆုံးပွဲစဉ်ကစားပြီးမှသာ အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ ယူရိုပြိုင်ပွဲကို ၁၁ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး ၁၉၈၈ ခုနှစ်မှာ ချန်ပီယံတကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ နည်းပြချုပ်အဖြစ် ၁၉၈၈ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ရော်နယ်ကိုးမန်းက ဒုတိယအကြိမ်မြောက် ပြန်လည်တာဝန်ယူ ကိုင်တွယ်နေတာပါ။ ကမ္ဘာ့အဆင့် ၇ မှာ ရပ်တည်နေပြီး ကလပ်အသင်းတွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အရ ဒီပေး၊ ဗက်ဟော့စ်၊ ဂတ်ပိုတို့ ဦးဆောင်မယ့် တိုက်စစ်ပိုင်းကတော့ လိုအပ်တဲ့သွင်းဂိုးတွေ ရယူဖို့ ခက်ခဲနိုင်ပါတယ်။

သြစတြီးယား

ခြေစစ်ပွဲအဆင့် အုပ်စုပွဲစဉ် ၈ ပွဲမှာ ၆ ပွဲနိုင် ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်နဲ့ အုပ်စုဒုတိယနေရာကနေ ခြေစစ်ပွဲ အောင်မြင်လာခဲ့တဲ့ သြစတြီးယားအသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြနေပါတယ်။ နောက်ဆုံး ၅ ပွဲစလုံး အနိုင်ရရှိထားပြီး အဲဒီအသင်းတွေထဲမှာ ဂျာမနီ၊ ဆလိုဗက်ကီးယား၊ တူရကီတို့လို အသင်း‌ေကာင်းတွေ ပါဝင်နေပါတယ်။ ယူရိုပြိုင်ပွဲ ၃ ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အခုနှစ်ပြိုင်ပွဲက ၄ ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိတာပါ။ နည်းပြချုပ်အဖြစ် ဂျာမန်နည်းပြ ရတ်ဖ်ရင်းနစ်ခ် တာဝန်ယူနေပြီး ဂျာမန်လိဂ်က ကစားသမားအများစု ပါဝင်နေသလို အိမ်နီးချင်း ဂျာမနီမှာ ကစားရမှာဖြစ်တာကလည်း အိမ်ကွင်းပွဲစဉ်လို ဖြစ်လာပါလိမ့်မယ်။ ဒီအချက်က သြစတြီးယားကို နောက်တဆင့်ရောက်ဖို့ စိတ်ဓာတ်လှုံဆော်မှု ဖြစ်လာနိုင်ပါတယ်။

ပိုလန်

ခြေစစ်ပွဲအဆင့်မှာ နိုင်ပွဲ ၃ ပွဲသာ ရရှိခဲ့တဲ့ ပိုလန်အသင်းဟာ အုပ်စုတတိယနေရာသာ ရခဲ့ပေမဲ့ ပလေးအော့ဖ်ပွဲစဉ်မှာ ဝေးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ ယူရိုပြိုင်ပွဲကို ၅ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၀၁၆ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာက အမြင့်မားဆုံးအောင်မြင်မှု ဖြစ်ပါတယ်။ နည်းပြချုပ်အဖြစ် မိုက်ကယ်ပရော့ဘယက်ဇ်က ၂၀၂၃ ခုနှစ် စက်တင်ဘာလက စတင်တာဝန်ယူခဲ့ပြီး သူက ယူ-၂၁ အသင်းကနေ လက်ရွေးစင်နည်းပြ ဖြစ်လာခဲ့သူပါ။ အဓိကပြိုင်ပွဲကြီးတွေမှာ ခြေစွမ်းမပြနိုင်ဘဲ ရလဒ်တွေ ဆိုးရွားလာတဲ့ ပိုလန်အသင်းဟာ ပြင်သစ်၊ ဟော်လန်နဲ့ သြစတြီးယားတို့ ပါဝင်နေတဲ့ အုပ်စုမှာ နောက်တဆင့်တက်ဖို့ အခွင့်အရေး အနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

source-uefa

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013