စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှာ ကျင်းပတဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဇွန်လ ၅ ရက် ညနေပိုင်းအထိ သေဆုံးတဲ့ အရပ်သားပြည်သူ ၅၀ နီးပါးရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိပါတယ်။
ဒဏ်ရာရသူတွေကို ကူညီဆောင်ရွက်ပေးနေသူ မင်းကင်းမြို့ခံတဦးက “နေရာမှာတင် ပွဲချင်းပြီးသေဆုံးသူ ၂၃ ဦးရှိခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေက ၅၀ ကျော်ရှိတယ်။ ဒဏ်ရာ ဆိုးဆိုးရွားရွားရသူတွေကို ဆေးရုံပို့တော့ လမ်းမှာ ပျူစောထီးတွေက တားထားလို့ ဒဏ်ရာရတဲ့သူတွေ သေဆုံးတာရှိသလို နာရေးလုပ်နေတုန်း ရွာကို လက်နက်ကြီးတွေနဲ့ အပစ်ခံရလို့ ထပ်ပြီး သေဆုံးသွားကြသူတွေလည်း ရှိနေတယ်။ အားလုံးပေါင်းဆို အနည်းဆုံး ၅၀ ၀န်းကျင်ရှိနေပြီ” လို့ ပြောပါတယ်။
၏ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက “ဒဏ်ရာရတဲ့သူတွေကို ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့ ဆေးရုံပို့တဲ့အခါမှာလည်း ပန်းဆက်ရွာက ပျူစောထီးတွေက အသွားမခံဘဲ တားထားလို့ စက်လှေပြန်လှည့်ခဲ့ရတယ်။ အဲဒီမှာလည်း ဒဏ်ရာရတဲ့သူတွေထဲက ထပ်ပြီးသေဆုံးရတာတွေရှိတယ်” လို့ ပြောပြပါတယ်။
ဇွန် ၃ ရက် မနက် ၈ နာရီခွဲ၀န်းကျင်က မတောကျေးရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တာပါ။
ဒေသခံရွာသားတဦးက “အဲဒီနေ့မနက်ပိုင်းက ရွာမှာ မင်္ဂလာဆောင်ရယ်။ ဆရာတော် မွေးနေ့အလှူရယ် ၂ ခုတိုက်နေတော့ ရွာကလူတွေက အလှူနဲ့မင်္ဂလာဆောင် ၂ ခု ခွဲသွားကြတာလေ။ ဘုန်းကြီးကျောင်းက ဆရာတော့်မွေးနေ့ သွားကြတဲ့သူတွေကတော့ လွတ်သွားလို့ တော်သေးတယ်။ မင်္ဂလာဆောင်တခုတည်းသာ ဆိုရင်တော့ မတွေးရဲစရာဘဲ။ တကယ်တော့ အခုဖြစ်စဥ်က စစ်တပ်ကို အတိအကျသတင်းပေးတဲ့သူတွေကို ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူပေးကြပါလို့ PDF တွေကို တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
မတောကျေးရွာဟာ မင်းကင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ရိုးအောက်ဘက်မှာတည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၄ ရက်ကလည်း စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ မင်းကင်းမြို့နယ်ထဲက ပိက္ခယားကျေးရွာကို လေကြောင်းကနေ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မတောကျေးရွာ လေကြောင်းတိုက်ခိုက်မှုဟာ ၂၀၂၄ ခုနှစ်ထဲမှာ လူအစုလိုက် အပြုံလိုက်သေဆုံး ခဲ့ရတဲ့ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုတခု ဖြစ်ပါတယ်။