လက်ဘနွန်နိုင်ငံရှိ အမေရိကန်သံရုံးကို သေနတ်သမားတဦးက ဗုဒ္ဓဟူးနေ့မှာ ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း အဲဒီသေနတ်သမား ဒဏ်ရာရသွားပါတယ်။
ဒီတိုက်ခိုက်သူ ဆီးရီးယားအမျိုးသားကို ဆေးကုသမှုခံယူဖို့ ဆေးရုံကို ပို့ဆောင်ထားကြောင်းနဲ့ အဲဒီဒေသကို ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်သံရုံးက သူ့ရုံး အဝင်ပေါက်အနီးမှာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၄ မိနစ်က လက်နက်ငယ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပြီး အဆောက်အဦနဲ့ သံရုံးအဖွဲ့ ဘေးကင်းတယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း သံရုံးလုံခြုံရေးအဖွဲ့က အဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပြီး လက်ဘနွန်စစ်တပ် ပစ်ခတ်လိုက်လို့ တိုက်ခိုက်သူတွေထဲက တယောက်ရဲ့ ဝမ်းဗိုက်ကို ထိမှန် ဒဏ်ရာရသွားကြောင်းနဲ့ ဒီဧရိယာအတွင်းမှာ တခြားတိုက်ခိုက်သူတွေကို ပိုက်စိပ်တိုက် ရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။
ဘေရွတ်မြို့ မြောက်ဘက်ရှိ အမေရိကန်သံရုံးဟာ အဝင်ပေါက်ထိ လမ်းကြောင်းတလျှောက် စစ်ဆေးရေးဂိတ်ပေါင်းများစွာရှိတဲ့ လုံခြုံရေးမြင့်မားတဲ့ဇုန်ထဲမှာ တည်ရှိပါတယ်။
၁၉၈၃ ခုနှစ်က အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့အပြီးမှာ သံရုံးအဆောက်အဦကို ဘေရွတ်ကနေ လက်ရှိနေရာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာလအတွင်းကလည်း သံရုံးအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာလတုန်းက ဂါဇာစစ်ပွဲ အစောပိုင်းကာလတွေမှာ ဆန္ဒပြသူ အများအပြားဟာ သံရုံးအပြင်ဘက်မှာ စုဝေးခဲ့ကြပြီး လက်ဘနွန် လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေကို အသုံးပြုပြီး လူစုခွဲခဲ့ပါသေးတယ်။
Source-Reuters