မွန်ပြည်နယ်ရှိ မြို့နယ်တွေမှာ ၅ လအတွင်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့သူ ၄၀ ကျော် ပစ်သတ်ခံထားရပြီး ၁၀ ယောက်ခန့်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မွန်ပြည်နယ်ရှိ မြို့နယ်တွေမှာ ဇန်နဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းစာရင်း ကောက်ခံပေးတဲ့ ၄၉ ဦး ပစ်သတ်ခံထားရပြီး အများဆုံးမှာ ကျိုက်ထိုမြို့နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။
၅ လအတွင်း ပစ်သတ်ခံရသူတွေဟာ ကျိုက်ထိုမြို့နယ်ထဲမှာ ၁၇ ဦး၊ ရေးမြို့နယ်မှာ ၁၃ ဦး၊ ဘီးလင်းမြို့နယ်မှာ ၈ ဦး၊ သထုံမြို့နယ်မှာ ၆ ဦး၊ မုဒုံမြို့နယ်မှာ ၃ ဦး၊ ပေါင်မြို့နယ်မှာ ၁ ဦးနဲ့ ကျိုက်မရောမြို့နယ်မှာ ၁ ဦးတို့ ဖြစ်ပါတယ်။
ရဲစခန်းနဲ့ နီးစပ်သူတဦးက “၅ လအတွင်းမှာ အယောက် ၅၀ လောက် ပစ်သတ်ခံခဲ့ရသလို ဒဏ်ရာရသူကလည်း ၁၀ ယောက်ဝန်းကျင်လောက် ရှိတယ်။ ပစ်ခတ်ခံရမှုတွေဟာ စစ်မှုမထမ်းမနေရဥပဒေ ပေါ်လာပြီး စစ်မှုထမ်းဖို့ လူလိုက်ကောက်တဲ့အချိန်မှ ပိုများလာတာ ဖြစ်တယ်။ စာရင်းမပါဘဲနဲ့ အသတ်ခံရတဲ့သူတွေလည်း ရှိသေးတယ်။ အသတ်ခံရသူတွေ အများစုဟာ အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး ၂ ယောက်ပဲပါတယ်” လို့ ပြောပါတယ်။
မွန်ပြည်နယ်မှာ ၅ လအတွင်း ဘီးလင်းမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၃ ရုံး၊ သထုံမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၁ ရုံးနဲ့ မုဒုံမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
မွန်ပြည်နယ်အတွင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ရေးမြို့နယ် အပါအဝင် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။