အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင် ကနေ ဇွန် ၄ ရက်မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။
ကမ္ဘောဒီးယားရဲ့ အဓိကရေတပ် အခြေစိုက်စခန်းမှာ တရုတ်စစ်တပ်တွေ ရောက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်နေလို့ အခြေအနေ ပြန်ပြောင်းစေရေး ရည်မှန်းပြီး လာရောက်လည်ပတ်ခဲ့တာပါ။
သူ့ခရီးစဉ်အတွင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဆေဟာက ဖနွမ်းပင်မှာ လာရောက်ကြိုဆိုခဲ့ပြီး အပြန်အလှန် ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
အဲဒီနောက် အော်စတင်ဟာ ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်၊ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဝက်စ်ပွိုင့်ထ် တက္ကသိုလ်မှာ ပညာဆည်းပူးခဲ့တဲ့ ဟွန်မာနက်ဟာ သူ့အဖေထက်စာရင် အမေရိကန်အစိုးရနဲ့ ပိုပြီး ညှိုနှိုင်းလို့ ရလိမ့်မယ်လို့ အမေရိကန် အစိုးရက အကောင်းမြင်ထားတယ်လို့ အမေရိကန် ကာကွယ်ရေး အရာရှိတဦးက ပြောပါတယ်။
တရုတ်ရဲ့နီးကပ်တဲ့ မဟာမိတ်ဖြစ်တဲ့ ကမ္ဘောဒီးယားဟာ ထိုင်းပင်လယ်ကွေ့ထဲက သူ့ရဲ့ ရေတပ်အခြေစိုက်စခန်းကို တရုတ်ရဲ့ ရန်ပုံငွေနဲ့ ဆောက်လုပ်ခွင့်ပြုခဲ့ပြီး အရင်လက အဲဒီစခန်းမှာ တရုတ်စစ်သင်္ဘောတွေပါ ရောက်နေခဲ့တာပါ။
ကမ္ဘောဒီးယားအစိုးရရဲ့ အတိုက်အခံတွေ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေနဲ့ ဝေဖန်သူတွေအပေါ် နှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး ညံ့ဖျင်းတဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်း အဖြစ် ရှုမြင်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြောခဲ့ဖူးပါတယ်။
ကမ္ဘောဒီးယား တာဝန်ရှိသူတွေကလည်း တရုတ်ဟာ အထူးအခြေခံ အခွင့်အရေးတွေ ရမှာမဟုတ်ဘူးလို့ ငြင်းဆိုထားပြီး သူတို့နိုင်ငံဟာ ကြားနေ ကာကွယ်ရေးအနေအထားကို ထိန်းသိမ်းထားတယ်လို့ ပြောခဲ့ပါတယ်။
စစ်အခြေစိုက်စခန်းအဖြစ် အသိအမှတ်ပြုထားတဲ့ ရီအမ် ရေတပ်အခြေစိုက်စခန်းမှာ စစ်ရေးလေ့ကျင့်ဖို့ တရုတ်နိုင်ငံအပြင် တခြား နိုင်ငံခြားရေတပ်တွေကိုလည်း ဖွင့်လှစ်ပေးမယ်လို့ ဒုဝန်ကြီးချုပ် စွန်းချန်းထောက ပြောပါတယ်။
“ဒါဟာ တရုတ်ရေတပ်စခန်း မဟုတ်ဘဲ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် ရီအမ် ရေတပ်အခြေစိုက်စခန်းကို ကျနော်တို့ တည်ဆောက်ခဲ့တာပါ” လို့ စွန်းက ABC သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။
ဆောက်လုပ်ပြီးစီးတဲ့အခါမှာ လူသားချင်းစာနာထောက်ထားမှု၊ ဘေးအန္တရာယ်ကနေ ပြန်လည်ထူထောင်ရေးတို့အတွက် ရီအမ် ရေတပ်စခန်းကို တောင်းဆိုချင်တဲ့ ကမ္ဘာပေါ်က ဘယ်ရေတပ်မဆို အသုံးပြုနိုင်ပါတယ် လို့လည်း စွန်းက ပြောခဲ့ပါတယ်။
Source-Reuters