သီရိလင်္ကာနိုင်ငံမှာ မုတ်သုံမိုး အကြီးအကျယ်ရွာအပြီး ရုတ်တရက် ရေကြီးမြေပြိုတာတွေကြောင့် သေဆုံးသူဦးရေဟာ ဇွန် ၅ ရက်မှာ ၂၆ ယောက်အထိ မြင့်တက်သွားပြီလို့ ကာကွယ်ရေးဝန်ကြီး ပရီမစ်သာ ဘန်ဒါရာ တန်နာခွန်းက အင်္ဂါနေ့မှာ ပြောပါတယ်။
လူ ၄၁ ယောက် ဒဏ်ရာရပြီး မိသားစု ၃၃,၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ ဝန်ကြီးက လွှတ်တော်ကို ပြောပါတယ်။
နိုင်ငံတလွှားက ဒေသန္တရ ကယ်ဆယ်ရေးစခန်း ၁၁၆ ခုမှာ လူ ၉,၀၀၀ ကျော် ခိုလှုံနေရတယ် လို့လည်း သူက ဆက်ပြောပါတယ်။
ခရိုင် ၂၅ ခုရှိတဲ့ သီရိလင်္ကာမှာ ခရိုင် ၁၃ ခု ရေဘေးသင့်နေပြီး ၅ ခရိုင်ကတော့ မြစ်တွေ အတော်များများက စိုးရိမ်ရေမှတ်ကို ရောက်နေပြီဖြစ်လို့ အကြီးစားရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားရတယ်လို့ သီရိလင်္ကာ ကပ်ဘေးစီမံရေးဌာနက ပြောပါတယ်။
နိုင်ငံတဝန်း လူ ၁၆၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး မိုးကြီးလို့ အပင်တွေ အမြစ်ကနေ ကျွတ်ထွက်ခဲ့တယ်၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်ကျခဲ့ပြီး လူထောင်သောင်းချီ ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ အေဂျင်စီက ပြောပါတယ်။
လုံးဝပျက်စီးပြိုကျသွားတဲ့ အိမ်တွေကို ပြန်ဆောက်ပေးဖို့ အဆိုပြုချက်ကို အစိုးရက အတည်ပြုပေးခဲ့တယ်လို့ သမ္မတရုံးက ကြေညာပါတယ်။
ကုန်းမြင့်ပေါ်က ကျောင်းတွေကို ဇွန် ၄ ရက်မှာ ပြန်ဖွင့်ခဲ့ပေမဲ့ ဂမ်ပါဟာနဲ့ မာတာရာလို ဆိုးဆိုးရွားရွား ရေဘေးသင့်ခဲ့တဲ့ မြို့တွေမှာတော့ အခြေအနေ တိုးတက်ကောင်းမွန်လာချိန် အထိ ကျောင်းတွေကို ဆက်ပိတ်ထားမှာပါ။
အင်္ဂါနေ့မှာ မိုးရေချိန် ယာယီလျော့ကျဖို့ မျှော်လင့်ခဲ့တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
Source-Reuters