Home
နိုင်ငံတကာ
မက္ကဆီကိုနယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူများ ခိုလှုံခွင့် အမေရိကန် ကန့်သတ်
DVB
·
June 5, 2024
Photo - Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်-မက္ကဆီကို နယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ခိုလှုံခွင့်တောင်းခံမယ့် အခွင့်အရေးကို ငြင်းပယ်မယ့် ကန့်သတ်ချက်အသစ်တွေကို ဇွန် ၄ ရက်မှာ ကြေညာခဲ့ပါတယ်။

တရားမဝင် ရောက်လာသူတွေကို ခပ်မြန်မြန် ပြည်နှင်ဒဏ်ပေးတာ သို့မဟုတ် မက္ကဆီကိုကို ပြန်လှည့်ခိုင်းတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။

သမ္မတ ဘိုင်ဒင်က “အမေရိကန်ပြည်ထောင်စုမှာ တရားဝင် ရက်ချိန်းတခုလုပ်ပြီး အဝင်ဂိတ်တခုခုကို လာရောက်ပြီးတော့ ခိုလှုံခွင့်လျှောက်ထားနိုင်ဆဲ ဖြစ်ပါတယ်။ တရားဝင်လမ်းကြောင်းကို အသုံးမပြုဖို့ ရွေးချယ်တာဟာ ခွင့်ပြုချက်မရှိဘဲ လာဖို့ ရွေးချယ်တာဖြစ်ပြီး ဥပဒေနဲ့ ဆန့်ကျင်နေတာကြောင့် သူတို့တွေကို ခိုလှုံခွင့်လက်ခံခြင်းနဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်ခြင်းမှ ကန့်သတ်ခံရမှာဖြစ်တယ်” လို့ ပြောပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ နယ်စပ်ကို ထိန်းချုပ်နိုင်စေဖို့နဲ့ ဒီလုပ်ငန်းစဉ်အတိုင်း အမိန့်ပြန်တည်ဖို့ ဖြစ်ပြီး တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူ အရေအတွက်ကို ဒီစနစ်က ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်တဲ့အဆင့်ကို လျှော့ချတဲ့အထိ ဒီတားမြစ်ချက်ကို ဆက်ထားရှိသွားမယ်လို့လည်း ဆိုပါတယ်။

အရေးကြီးတဲ့ နောက်ထပ်ခြေလှမ်းတခုကတော့ မက္ကဆီကိုနိုင်ငံနဲ့ တိုက်ခိုက်နေမယ့်အစား မက္ကဆီကို အိမ်နီးချင်းတွေနဲ့ နီးနီးကပ်ကပ် လက်တွဲပြီး လုပ်ဆောင်သွားဖို့ဖြစ်ကြောင်းနဲ့ မက္ကဆီကိုသမ္မတနဲ့လည်း ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ထားကြောင်း ဘိုင်ဒင်က ပြောပါတယ်။

မက္ကဆီကိုသမ္မတ လိုပက်ဇ် အိုဘရာဒေါနဲ့ တန်းတူညီတူ လက်တွဲလုပ်ဆောင်ဖို့ ရွေးချယ်ထားပြီး ၂ နိုင်ငံနယ်စပ်ကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်ဟာ သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အကြီးတန်းအရာရှိတဦးက သတင်းထောက်တွေကို ပြောပြတာမှာ ဒီအစီအစဥ်အသစ်ဟာ ချက်ချင်းအသက်ဝင်မှာဖြစ်ပြီး အဖော်မပါရှိတဲ့ ကလေးတွေ၊ ဆိုးရွားပြင်းထန်တဲ့ ဆေးဝါးဆိုင်ရာ သို့မဟုတ် ဘေးကင်းလုံခြုံမှု ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရသူတွေ၊ လူကုန်ကူးခံရသူတွေအတွက်တော့ ခြွင်းချက်တွေရှိမယ်လို့ ဆိုပါတယ်။

ခိုလှုံခွင့် ကန့်သတ်ချက်အသစ်ဟာ အမြဲတမ်းအတွက် မဟုတ်ကြောင်း အမေရိကန် အရာရှိတဦးက သတင်းထောက်တွေကို ပြောပါတယ်။

တပတ်အတွင်း နေ့စဉ် ပျမ်းမျှ နယ်စပ်ဖမ်းဆီးမှု ၂,၅၀၀ ကျော်လာရင် ဒီကန့်သတ်ချက်အသစ်က အသက်ဝင်လာမှာဖြစ်ပြီး တရက်ကို ဖမ်းဆီးမှုက ၁,၅၀၀ အောက် ကျဆင်းသွားပါက ခေတ္တရပ်ထားမှာဖြစ်ကြောင်းလည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013