Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး စစ်ကြောင်းထိုး
DVB
·
June 5, 2024
kyuik 562024

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ဆုံးရှုံးခဲ့တဲ့ တပ်စခန်းတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတယ်လို့ မြေပြင်‌ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်တွင်းက ဘောကထတပ်စခန်းကို KNLA ပူးပေါင်းတပ်ဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ နောက်ဆုံးတပ်စခန်း ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီက ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းကို အင်အားဖြည့် တင်းပြီး တပ်စခန်းအားလုံး ပြန်လည်ရယူဖို့ လက်နက်ကြီးအပြင် လေကြောင်းပစ်ကူရယူပြီး ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်နေတာပါ။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ် တဦးက “စစ်ကောင်စီက အင်အား ၃၀၀ ဝန်းကျင်လောက် တိုးတယ်။ ခလရ ၂၆၄ ထဲ မစ်ဇိုင်းတွေ ရောက်တယ် ကြားတယ်။ ဟိုတလောတုန်းကဆိုရင် စမ်းတဲ့ ပုံစံ ၄ လုံး ၅ လုံး ပစ်တာတွေရှိတယ်။ ကျောက်ကြီးဘက်ကနေ တိုးတာကတော့ တိုးနေတယ်။ တပ်မဟာ ၃ ကို တော်တော်လေး ပြန်တိုးလာတယ်”လို့ ပြောပါတယ်။

ဒါအပြင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း မုန်းမြို့အတွင်းက ကျေးရွာတွေကို  ခမရ ၄၃၉နဲ့  ခမရ ၃၀၇ က  နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇွန် ၅ ရက်နေ့ မနက် ၈ နာရီကျော်က ဖြူးမြို့နယ်နဲ့ ပိန္နဲကုန်းမြို့အကြားက ရွှေငါးကုန်းနဲ့ အင်ကွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။  

နေ့တိုင်းလိုလို စစ်တပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ထိခိုက်သေဆုံးသူ နေ့တိုင်းလိုလို ရှိတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။  

စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တဦးက “စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ကြောင်းထိုးတာတော့ ဒီဘက်မှာတော့ ကြီးကြီးကျယ်ကျယ်တော့ မရှိသေးဘူး။  မုန်းဘက်ခြမ်းကိုတော့ အင်အား ဖြည့်တင်းတာတော့ မရှိဘူး။  လက်နက်ကြီးနဲ့ နေ့တိုင်းလိုလိုပစ်တော့ ပြည်သူတွေ နေ့တိုင်း ထိခိုက်သေဆုံးတာတွေ ရှိတယ်”လို့ ဆိုပါတယ်။

မေ ၂၈ ရက်က စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့ရာ ဥသျှစ်ပင်ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၃ ယောက် နေရာမှာတင် သေဆုံးပြီး ၈ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

တပ်မဟာ ၃ နယ်မြေအတွင်း စစ်အာဏာသိမ်းချိန်ကစပြီး  ၂၀၂၄ ခုနှစ် ဧပြီလအထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၅ သိန်းနီးပါးရှိပြီး စစ်ရှောင်ပြည်သူတွေဟာ မိုးကာလ နေထိုင်ရေး အပြင် လမ်းပန်း ဆက်သွယ် ရေးခက်ခဲတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့  စစ်ဘေးရှောင် အရေးကူညီ ပေးနေသူတွေက ပြောပါတယ်။ 

 အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013