Home
မြန်မာသတင်း
မင်းကင်း၊ မတောရွာမင်္ဂလာဆောင် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၈ ဦး အထိရှိလာ 
DVB
·
June 5, 2024

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာ မင်္ဂလာဆောင် လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၃၈ ဦး အထိရှိလာပြီး  ပြင်းထန်ဒဏ်ရာတွေကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့  ဒေသခံတွေကပြောပါတယ်။

ဇွန် ၃ ရက် မနက် ၈ နာရီ ၁၅ ဝန်းကျင်လောက်က မတောရွာမှာပြုလုပ်နေတဲ့ ပကဖအဖွဲ့ဝင် အမျိုးသမီးတဦးရဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်တာကြောင့် ကနဦး ရုပ်အလောင်း ၂၀ ကျော်တွေ့ရှိခဲ့ပြီး ဒဏ်ရာရသူတွေ ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ စုစုပေါင်း ၃၈ ယောက် ထက်မနည်းရှိလာတယ်လို့ မတောရွာသူတယောက်ကပြောပါတယ်။

"အခုနောက်ထပ် ထပ်တိုးတာနဲ့ ပထမနေ့က သေတာနဲ့ဆိုရင် ခုက ၃၈ ယောက်လောက် ရှိသွားပါပြီ။ ဆေးကုလာရင်းနဲ့ လမ်းမယ် သေတဲ့ဟာတွေကို ချတာသင်္ဂြိုဟ်ရတာတွေနဲ့ ရပ်မယ့်စာရင်းမရှိဘူး။ သေမယ့်လူနာများများဖြစ်နေတာ။ ကင်းထောက်လေယာဉ်တွေရော လေယာဉ်တွေကလည်း အမြဲတမ်းဝဲနေတယ်။ အစ်မတို့ဘက်တွေမှာ။ အဲ့လိုဆေးကုလာရင်းနဲ့ လမ်းမယ်သေတဲ့လူနာချထားခဲ့ရတဲ့ဟာက မတောဘက်ကနေ အစ်မတို့ဒီဘက်ခြမ်းကို မော်တော်ပေါ်မယ် ကလေးတယောက်နဲ့အဖွားအိုကြီးတယောက်။ လမ်းမယ် ၃ ယောက်၊ အစ်မတို့ချပစ်ထားခဲ့ရပါတယ်။ ရက်ရက်စက်စက်လူမဆန်စွာလုပ်လိုက်တဲ့လုပ်ရပ်ကြီးက အိမ်ကို မနေရဲတော့ပါဘူးဗျ။ အဲ့ဘက်မယ် အမြဲတမ်းဒရုန်းတွေလွှတ်ပြီးမှ သူတို့ကြည့်ပြီးမှ ဝဲနေပါတယ်။ တချို့က သွပ်သည်းသွပ်ထောင်တွေ ရူးတိရူးကြောင်တွေ သတိတွေ မေ့နေကြတာတွေ ဖြစ်ကုန်ကြပါပြီ အစ်မတို့ပြည်သူတွေမှာ။ မျက်လုံးထွက်တဲ့လူနဲ့ လက်ပြတ်တဲ့လူနဲ့ ခြေထောက်ပြတ်တဲ့သူတွေနဲ့ ဘယ်လိုလုပ်သွေးမခိုင်တော့ဘူး။ လူကြီးတွေကလည်း အဲ့ဒါတွေလန့်ဖြန့်ပြီး သေတဲ့လူတွေကသေ။ သူတို့အလှည့်လည်းလာပါလိမ့်မယ်လို့။ အသည်းကို ခြေမနဲ့ကုပ်ပြီး အမတို့စောင့်နေရတယ်။ သူတို့အလှည့်လည်းစောင့်နေပါလို့။"

လေယာဉ်ပေါ်ကကြဲချခဲ့တဲ့ ဗုံးဟာ မင်္ဂလာဆောင် မဏ္ဍပ်တည့်တည့်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရသူတွေ များပြားခဲ့တာပါ။

မတောရွာသားတဦးက "ကလေးလေးတွေပါတယ်ဗျ။ ကလေးလေးတွေ ၂ ယောက်လောက် ပါတယ်။ ၇ နှစ်သမီး ၈ နှစ်သမီး။ လူတွေက စုနေလို့မရဘူး။ နောက်ထပ်ထပ်ပစ်ရင် အကုန်သေကုန်လိမ့်မယ်။ ထိခိုက်ဒဏ်ရာက များတယ်ဗျ ရတာ။ သတို့သမီးက ဒေါ်စံပယ်အေးတဲ့ဗျ၊ သူတို့ကတော့ အဲ့လိုဒဏ်ရာတွေမရဘူးဗျ။ ရွာလည်ခေါင် ရွာအရှေ့ပေါ့ဗျာ ရွာခေါင်းရင်းလောက်မှာ။ တလုံးတည်းကြဲသွားတာ။ ပေါင် ၅၀၀ ဗုံးလို့ထင်တာပဲဗျ။ အကုန်လုံးကို စုတ်ပြတ်သတ်သွားတာ။ အိမ်ကတော့ ၂လုံး ၃ လုံးလောက်ပျက်စီးတယ်ဗျ”လို့ ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ မင်္ဂလာပွဲကိုရောက်နေတဲ့ ဒေသတွင်း NUG တာဝန်ခံတွေအပါအဝင် ပကဖ၊ ပအဖ အဖွဲ့ဝင်အများအပြားသေဆုံးခဲ့တယ်လို့ ရေးသားနေကြပေမယ့် ဒေသတွင်း PDF တွေက မဟုတ်မှန်ဘူးလို့ ငြင်းဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအစပိုင်းကတည်းက မင်းကင်းမြို့နယ် PDF တွေက ချင်းတွင်း မြစ်ရိုးတလျှောက် စစ်ကောင်စီရေယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီကလည်း ရေလမ်းခရီးအသုံးပြုနိုင်ဖို့အတွက် မင်းကင်းနယ်မြစ်ကမ်းဘေး ကျေးရွာတွေကို အကြိမ်ကြိမ်ဝင်ရောက်ပစ်ခတ်မီးရှို့ပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ သုံးနှစ်ကျော်ကာလအတွင်း အနောက်မြောက်တိုင်းစစ်ဒေသ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ စုစုပေါင်းလေကြောင်းတိုက်ခိုက်ခံရမှု ၈၂၄ ကြိမ်အထိရှိခဲ့ပါတယ်။

ချင်းပြည်နယ်မှာ ၁၈၅ ကြိမ်၊ မကွေးတိုင်းမှာ ၉၆ ကြိမ်နဲ့ စစ်ကိုင်းတိုင်းမှာ ၅၄၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ ၆၄၃ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၅၅၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013