Home
အားကစား
ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများအပေါ် လေ့လာသုံးသပ်ချက် (အုပ်စု C)
DVB
·
June 5, 2024
Photo-Reuters

ရေပန်းအစားဆုံး အင်္ဂလန်ပါဝင်နေတဲ့ အုပ်စု C

အုပ်စု C မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန်က ဒိန်းမတ်၊ ခရိုအေးရှား၊ ဆားဘီးယားအသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံပါတယ်။ အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၈ ပွဲကစား၊ ၆ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်နဲ့ အုပ်စုပထမနေရာကနေ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်တယ်။ နောက်ဆုံး ၁၀ ကြိမ်မှာ ၉ ကြိမ်မြောက် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး ယူရိုသမိုင်းတလျှောက်မှာ ၁၁ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်တယ်။ နည်းပြအဖြစ် ၂၀၁၆ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့သူ ဂါရတ်ဆောက်ဂိတ်က ဦးဆောင်သွားမှာပါ။ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ချန်ပီယံ တကြိမ်မှ မဖြစ်ဘူးသေးတဲ့ အသင်းတွေထဲက တသင်းဖြစ်ပြီး အခုနှစ်ပြိုင်ပွဲမှာ သမိုင်းမှတ်တမ်းတင်နိုင်ဖို့ ကြိုးပမ်းသွားရမှာဖြစ်တယ်။ ခံစစ်ပိုင်းကလွဲရင် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ အဓိက ကစားသမားတွေ အထူးခြေစွမ်းပြနေပြီး ရေပန်းအစားဆုံးအသင်း ဖြစ်နေတာဟာလည်း မထူးဆန်းပါဘူး။ ဥရောပရဲ့ သွင်းဂိုးအများဆုံး တိုက်စစ်မှူး ဟယ်ရီကိန်း အပါအဝင် ဖီးလ်ဖိုဒမ်၊ ဘူကာရိုဆာကာ၊ ဂျုဘယ်လင်ဟမ် တို့ရဲ့ တိုက်စစ်ပိုင်းက အားရစရာကောင်းနေပြီး ဒီတကြိမ်မှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ဖို့ အင်္ဂလန်အသင်းမှာ အခွင့်အရေး ရှိနေပါတယ်။

ဒိန်းမတ်

၁၉၉၂ ယူရိုချန်ပီယံ ဒိန်းမတ်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာပါ။ စုစုပေါင်း ၁၀ ပွဲမှာ ၇ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးရလဒ်နဲ့ အုပ်စုပထမနေရာကနေ ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့တာပါ။ ယူရိုပြိုင်ပွဲကို ၁၀ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ နည်းပြအဖြစ် အသက် ၅၃ နှစ်ရှိ ဒိန်းမတ်နိုင်ငံသားနည်းပြ ကတ်စ်ပါဂျောမန်းက ၂၀၂၀ ပြည့်နှစ်ကတည်းက တာဝန်ယူလာခဲ့တာပါ။ ၂၀၂၀ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တယ်ဆိုပေမဲ့ ဒိန်းမတ်ရဲ့ စွမ်းဆောင်ရည်က စောင့်ကြည့်ရဦးမှာဖြစ်ပြီး အင်္ဂလန် အပါအဝင် ဆားဘီးယားနဲ့ ဆလိုဗေးနီးယား အသင်းတွေက  ဒိန်းမတ်ကို ယှဉ်ကစားနိုင်စွမ်း ရှိနေပါတယ်။

ဆလိုဗေးနီးယား

ခြေစစ်ပွဲအဆင့် ၁၀ ပွဲမှာ ၇ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးရလဒ်နဲ့ အုပ်စုဒုတိယနေရာကနေ ခြေစစ်ပွဲ အောင်မြင်လာခဲ့တဲ့ ဆလိုဗေနီးယားအသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် အဓိကပြိုင်ပွဲကြီးတရပ်ကို ယှဉ်ပြိုင်ကစားခွင့်ရတာပါ။ ယူရို ၂၀၀၀ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ဆလိုဗေးနီးယားအတွက် အုပ်စုပွဲစဉ်တိုင်းက ခက်ခဲမှုတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။ နည်းပြအဖြစ် ဆလိုဗေးနီးယားနည်းပြ မက်ဂျက်ကက်ခ်က ၂၀၁၈ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့တာပါ။ မတ်လ ၂ ရက် ခြေစမ်းပွဲမှာ ပေါ်တူဂီကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမာကျောမှုတခုတော့ ရှိနေပါတယ်။

ဆားဘီးယား

ဆားဘီးယားအသင်းဟာ ခြေစစ်ပွဲအဆင့်ပွဲစဉ် ၈ ပွဲမှာ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးရလဒ်နဲ့ အုပ်စုဒုတိယနေရာကနေ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာပါ။ ယူရိုပြိုင်ပွဲနဲ့ နှစ်ပေါင်း ၂၀ ကျော် ဝေးကွာလာပြီးတဲ့နောက် ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပြီး  ယူဂိုဆလားဗီးယား အမည်လက်အောက်မှာတော့ ဒုတိယနှစ်ကြိမ် ရခဲ့ဖူးပါတယ်။ နည်းပြအဖြစ်  ဒရာဂမ်စတော့ကိုဗစ်က ၂၀၂၁ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့တာပါ။ ဂျုူဗင်တပ်က ဒူဆန်ဗလာဟိုဗစ် အပါအဝင် ဒူဆန်တာဒစ်၊ လူကာဂျိုဗစ်၊ မီထရိုဗစ်တို့နဲ့ တိုက်စစ်အင်အားက ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်စွမ်းရှိပေမဲ့ အသင်းလိုက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့လည်း လိုအပ်နေပါတယ်။ အုပ်စုပထမနေရာကို အင်္ဂလန်အတွက် ပေးအပ်ထားမယ်ဆိုရင် လက်ကျန် ဒုတိယနေရာနဲ့ အကောင်းဆုံး အုပ်စုတတိယ နေရာတွေအတွက် ဆားဘီးယား၊ ဒိန်းမတ်နဲ့ ဆလိုဗေးနီးယားတို့ အပြိုင်ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013