Home
မြန်မာသတင်း
ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးနေသော်လည်း ရွှေဈေးကွက် အပြောင်းအလဲမရှိ 
DVB
·
June 5, 2024

ရွှေဈေးစံချိန်တင်တက်လာလို့ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူနေပေမဲ့  မြန်မာ့ရွှေဈေးကွက်ကတော့ အပြောင်းအလဲမရှိ ရောင်းသူစိတ်ကြိုက်ဈေးကွက် ဖြစ်ပါနေ ပါတယ်။

ပြည်တွင်းရွှေဈေးကွက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တကျပ်သားကို ကျပ်သိန်း ၆၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ရွှေနဲ့ ဒေါ်လာရောင်းဝယ်သူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုတွေကို ဆက်တိုက်လုပ်ဆောင်လာပါတယ်။

ရွှေလုပ်ငန်းရှင်နဲ့ ပွဲစား ၂၁ ယောက်၊ နိုင်ငံခြားငွေရောင်းသူ ၁၄ ယောက်ကို ဈေးနှုန်းမတည်ငြိမ်အောင် လုပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးစစ်ဆေးနေသလို နောက်ထပ် ၁၁ ဦးကိုလည်း ဆက်လက်ဖမ်းဆီးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားခဲ့တာပါ။

ဒေါ်လာနဲ့ ရွှေဝယ်ရောင်းတွေကို ဖမ်းဆီးပြီးနောက် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ရွှေရည်ညွှန်းဈေးကို အရင်ထက် ကျပ် ၇ သိန်းကျော်ထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ရွှေဆိုင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ရွှေလုပ်ငန်းရှင်များအသင်း သတ်မှတ်ဈေးဖြစ်တဲ့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၄,၈၁၅,၀၀၀ ကျပ်နဲ့သာ အရောင်းအဝယ် ပြုလုပ်ရမယ်လို့ ဇွန်လ ၅ ရက် မနက်ပိုင်းက ထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်မြို့ ရွှေဘုံသာလမ်းနဲ့ မဟာဗန္ဓုလ လမ်းတလျှောက်မှာရှိတဲ့ ရွှေဆိုင်အချို့က အခေါက်ရွှေဖြတ်စ၊ အတုံး၊ အခဲတွေ ကိုမရောင်းဘူးလို့အရင်က ထုတ်ပြန်ထားကြပြီး ဇွန်လ ၃ ရက်နေ့မှာတာ့ ရွှေဆိုင်ကြီးတွေ အကုန်လုံးနီးပါး ထုတ်ပြန်လာကြပါတယ်။ အဲဒီဆိုင်တွေမှာ အလျော့တွက်နဲ့ လက်ခ ထပ်ဆောင်းပေးရတဲ့ ရွှေထည်တွေကိုပဲ ရောင်းချနေကြတာဖြစ်ပါတယ်။

ရွှေရောင်းသူတဦးက “ငါးမူးသားပဲ ရှိတယ်။ တကျပ်သားတွေကမရှိသေးဘူး။ ကုန်နေတယ်။ ငါးမူး သားပဲရှိဦးမယ်။ ၄၅ သိန်းနဲ့ လေးထောင့်ငါးရာပါ။ ဒါပေမဲ့  သုံးဆယ့်ကိုးသိန်းခုနှစ်သောင်းကျော်နဲ့ ဘောင်ချာဖွင့်ပေးမှာ”လို့ ပြောပါတယ်။

ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင်တွေ ရောင်းချရမယ့်ဈေးကို တိုးမြှင့် သတ်မှတ်ပေးပေမဲ့ ပြင်ပဈေးကွက်မှာတော့ ဈေးကွက်မတည်ငြိမ်တာကြောင့် ရွှေအတုံး၊ အခဲနဲ့ အခေါက်ရွှေ အရောင်းအဝယ်တွေက ရပ်တန့်နေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ရွှေဖြတ်စတွေ စုဆောင်းလိုတဲ့ ရွှေဝယ်လိုသူတွေကို နစ်နာစေသလို ရွှေဈေးကွက်သမိုင်းတလျှောက် ရွှေဈေးတွေက အဆမတန် မြန်မြန်ဆန်ဆန်တက်လာတဲ့အတွက် ရွှေစုလိုသူတွေနဲ့ လက်ဝတ်လက်စားဝယ်လိုသူ ရွှေဝယ်သူတွေမှာ နစ်နာကြရပါတယ်။

ဒါ့အပြင် ရွှေထည်တွေကို ပြန်ရောင်း လိုကြပေမဲ့ မဝယ်ကြတဲ့အတွက်လည်း နစ်နာဆုံးရှုံးမှုတွေ ရှိနေကြပါတယ်။

ရွှေထည်ရောင်းဝယ်သူတဦးက “နစ်နာတာပေါ့။ အတုံးနဲ့စာရင်အထည်လုပ်တာကတော့ အလျော့တွက် ပေးရမယ်။ လက်ခပေးရမယ်။ ပြန်ရောင်းရင်လည်း ပေါက်ဈေးအတိုင်းရတာမှ မဟုတ်တာ။ အရမ်းနစ်နာတာ ပေါ့နော်။ သူတို့က ပေါက်ဈေးကိုမခေါ်တာ။ ပေါက်ဈေးကိုမဖွင့်တာ။ ညီမလက်ရှိ ပန်းထိမ်သမားကိုပဲ ပြန်ဝယ်ပြီးရောင်းဖို့ ရှုံးနေတဲ့အနေထားဖြစ်နေတာ။ အခုပေါက်နေတာသည် ၆၀ နီးပါးလောက်ဖြစ်နေတာ။ ဒါပေမဲ့ လက်ရှိ ပြန်ဝယ်တဲ့သူ၊ အတိုစဝယ်တဲ့သူတောင် ရှုံးနေတဲ့အနေထားဆိုတော့ တော်တော်တော့ဆိုးနေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ အရေးယူမယ်လို့ကြေညာထားတဲ့ ရွှေလုပ်ငန်းရှင်တွေထဲမှာ အောင်သမာဓိရွှေဆိုင်၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်တို့က ပိုင်ရှင်တွေအပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦးပါဝင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေတကျပ်သားကို ကျပ် သိန်း ၆၀ ဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ရွှေနဲ့ ဒေါ်လာ ဝယ်ရောင်းလုပ်ကိုင်သူ‌တွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူပြီးတဲ့နောက် ဇွန် ၄ ရက်နေ့မှာ ကျပ် ၅,၂၆၀,၀၀၀ ဝန်းကျင်ကို ထိုးဆင်းလာခဲ့ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က တကျပ်သားကို ကျပ် ၁၃ သိန်းခန့်သာရှိခဲ့တဲ့ အခေါက်ရွှေဈေးဟာ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ၅၈ သိန်းအထိ လေးဆခန့် မြင့်တက်ခဲ့သလို ဒေါ်လာစျေးကလည်း အာဏာမသိမ်းခင် တဒေါ်လာ ကျပ် ၁၃ဝဝ ခန့်ကနေ ၄၈ဝဝ ကျပ်အထိ သုံးဆကျော် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013