အွန်လိုင်းလိမ်လည်သူတွေဟာ ခြေရာခံလို့မရအောင် တပါးသူရဲ့ နာမည်နဲ့ ဘဏ်စာရင်းဖွင့်ပြီး သားကောင်ထံမှ ငွေကြေးလိမ်လည်ရယူနေကြတာမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့လည်း ဘဏ်စာရင်းအလွဲသုံးစားလုပ်တာ ခံနေရပါတယ်။
အထူးသဖြင့် ထိုင်းရောက်ခါစ ထိုင်းဘာသာမကျွမ်းတဲ့ MOU အလုပ်သမားတွေဟာ ဘဏ်စာရင်းစာအုပ်အလွဲသုံးစားလုပ်ခံရကြောင်း လာရောက်တိုင်တန်းထားတယ်လို့ မဟာချိုင် အခြေစိုက် The Labour Rights Promotion Network Foundation (LPN ) ဒါရိုက်တာ ခွန်ဆုမ်ဖုန်း ဆာကယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ရောက်ကာစ ထိုင်းလိုဘာမှနားမလည်သေးတဲ့ တရားဝင်အလုပ်သမားတွေကို ပွဲစားက လုပ်အားခလွှဲပေးဖို့ဆိုပြီး ဘဏ်စာရင်းစာအုပ်ဖွင့်ခိုင်းတယ်။ ဒါပေမဲ့ အလုပ်သမားတွေဟာ ကိုယ့်ဘဏ်စာအုပ်နဲ့ ATM ကတ်ကိုမမြင်ဖူးဘူး။ လုပ်အားခကိုတော့ ငွေသားနဲ့ပဲ ရှင်းပေးတယ်၊ ဒါဟာ ပွဲစားနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပေါင်းပြီး ဘဏ်ကတ်အသုံးချခံရတာဖြစ်နိုင်လို့ စုံစမ်းအရေးယူပေးဖို့ ကျနော်တို့ဆီ လာတိုင်ထားကြတယ်။ လောလောဆယ် လာတိုင်ထားတဲ့ မြန်မာအလုပ်သမား ၁၃ ဦးရှိပါတယ်။ နောက်ထပ် ၁၉ ဦးလည်းလာတိုင်ဖို့ ရှိတယ်။ နောက်ပြီး မြန်မာသံရုံးမှာလည်း သွားတိုင်ထားတဲ့သူတွေရှိတယ်။”
ပုံမှန်အားဖြင့် ဘဏ်အကောင့်ဖွင့်ပါက အကောင့်ပိုင်ရှင်ရဲ့ ဖုံးနံပါတ်ကိုသာ ပေးထားရပြီး မိမိဖုံးထဲက ဘဏ်အပလီကေးရှင်းကနေ ငွေဝင်ငွေထွက်စာရင်း၊ ငွေပို့ငွေလက်ခံစာရင်းတွေ စစ် ဆေးလို့ရနေတာပါ။
ဒါပေမဲ့ အလုပ်သမားေမိမိဘဏ်အကောင့်ကို ကိုယ်တိုင်စီမံခွင့်မရတဲ့အပေါ် သံသယရှိကြောင်း၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်စပ်မယ်လို့ ယုံကြည်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်ဖော်ထုတ်ဖို့ မနေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ မြန်မာအလုပ်သမား သံအရာရှိတွေနဲ့လည်း ဆွေးနွေးခဲ့ကြတယ်လို့ (LPN ) ဒါရိုက်တာက ဆက်ပြောပါတယ်။
လွန်ခဲ့တဲ့လပိုင်းကလည်း မဟာချိုင်က မြန်မာအလုပ်သမား တယောက်ရဲ့ ဘဏ်စာအုပ်ထဲ ပုံမှန်မဟုတ်တဲ့ငွေတွေ ဝင်လာတယ်ကာ ရဲတပ်ဖွဲ့က အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးနေတာ ခုထိပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် အလုပ်သမားတွေအနေနဲ့ မိမိသဘောထားမပါဘဲ သူတပါးက အတင်းအကျပ် ဘဏ်စာရင်းဖွင့်ခိုင်းရင် မယုံကြည်ဖို့၊ အမည်မသိသူက မိမိဖုံးထဲပေးပို့လာတဲ့ ညစ်ညမ်း ရုပ်ရှင် ဗွီဒီယိုအပါအဝင် တခြားမက်ဆေ့ချ်တွေကို ဖွင့်မကြည့်ဖို့နဲ့ မိမိမသိတဲ့ အပလီကေးရှင်းတွေကို ဒေါင်းလုတ်မဆွဲဖို့ (LPN ) ဒါရိုက်တာက သတိပေးပြောဆိုသွားပါတယ်။
Source -The Labour Rights Promotion Network Foundation (LPN ) မဟာချိုင်