မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇွန် ၃ ရက် မနက်က စစ်ကောင်စီစစ်ကြောင်းက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁၀ ယောက်လောက် သေဆုံးကာ ၂၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖက သိရပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ကား ၁၃ စီးနဲ့ လိုက်ပါလာတဲ့ လမ်းကင်းအဖွဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ လောက် ဖြုတ်ချ တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေဆုံးကာ ၂၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းရရှိတယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဗုံးသီးတွေထိမှန်ပြီး ရှေ့ကို ဆက်မတိုးနိုင်ဘဲ ရပ်တန့်ထားရကာ ဇွန် ၄ ရက် မနက် ၉ နာရီကျော်လောက်မှာလည်း အနီးနားက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ အပါဝင် မြိုင်၊ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေက တော်လှန်ရေးတပ်ဖွဲ့ တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို DVB က သီးခြား အတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။