ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နေတဲ့အတွက် မင်းတပ်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ရိုးရာပွဲလမ်းသဘင်တွေ မကျင်းပဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၄ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ လေယာဥ်တွေနဲ့ ဗုံးကြဲတာတွေကို အရင်ကထက် ခပ်စိတ်စိတ်ပိုပြီးလုပ်လာ နေတယ်လေ။ ဒါကြောင့်မို့ မင်းတပ်ပြည်သူတွေအနေနဲ့ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံဆေးခန်းတွေနဲ့ ကျေးရွာခန်းမဆောင်တွေမှာ လူစုလူဝေးမပြုလုပ်ဖို့နဲ့ ကျေးရွာတွေမှာ ရိုးရာပွဲလမ်းသဘင်ကျင်းပတာတွေကို လုံး၀ မပြုလုပ်ကြဖို့ ဖြစ်ပါတယ်။ အဲဒီအပြင်လည်း ကတုတ်ကျင်းတွေနဲ့ ဗုံးခိုကျင်းတွေကို အခိုင်အမာဆောက်လုပ် ထားကြဖို့လည်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မင်းတပ်မြို့ပေါ်နဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့လည်း မကြာခဏပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံး ထိခိုက်မှုတွေအပြင် ဆေးရုံ၊ ဘာသာရေး အဆောက်အဦတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၄ ရက် ညပိုင်းက တိုက်နယ် ၁ ဘက်က ရွာတရွာကို ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ဇန်န၀ါရီကနေ မေလအတွင်းစစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုမိုပြုလုပ်လာလို့ ပြည်သူသေဆုံးရတာတွေအပြင် ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးမှုပိုမိုများလာနေပါတယ်။