ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကွာဟတဲ့ မြန်မာအသင်းကို ဂျပန်အသင်းနည်းပြက လျှော့တွက်ထားခြင်းမရှိဘဲ ခက်ခဲစွာ ကစားရမယ်လို့ ပြောပါတယ်။
ကမ္ဘာ့အဆင့် ၁၈ မှာ ရပ်တည်နေတဲ့ ဂျပန်အသင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၆ ရက်က မြန်မာအသင်းကို အိမ်ကွင်းမှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ဂျပန်အသင်းဟာ ဒုတိယအကျော့အုပ်စုပွဲစဉ်အဖြစ် ဇွန် ၆ ရက်ဒီကနေ့ညနေ ကမ္ဘာ့အဆင့် ၁၆၃ က မြန်မာအသင်းနဲ့ ရန်ကုန်မြို့က သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။
အဲဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာဖြစ်ပြီး သုဝဏ္ဏကွင်းမှာ နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့တုန်းကလည်း ခက်ခဲတဲ့ပွဲစဉ် ဖြစ်ခဲ့တယ်လို့ ဂျပန်နည်းပြ မိုရီယာဆုက ပြောပါတယ်။
၂၀၁၉ စက်တင်ဘာ ၁၀ ရက်တုန်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရာမှာ ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဂျပန်အသင်းမှာ ဥရောပကလပ်တွေမှာ ကစားနေတဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ အာဆင်နယ် နောက်ခံလူ တိုမီယာဆု၊ လီဗာပူးကွင်းလယ်လူ အန်ဒို၊ မိုနာကိုက မီနာမီနို၊ ရီးယဲလ်ဆိုစီဒက်က ကူဘို အစရှိသဖြင့် ပါဝင်လာတာ ဖြစ်ပါတယ်။
ဂျပန်နဲ့ပွဲစဉ်မှာ မြန်မာအသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင် ကြီးကြပ်နိုင်မှာမဟုတ်ပါဘူး။
မြန်မာအသင်း ပါဝင်တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်အုပ်စု B မှာ ဂျပန်အသင်းက ၄ ပွဲကစား ၄ ပွဲနိုင်ရလဒ်နဲ့ ဦးဆောင်နေပြီး ဆီးရီးယားက ဒုတိယ၊ မြောက်ကိုရီးယားက တတိယ၊ မြန်မာအသင်းက ရမှတ် ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
လက်ကျန် ၂ ပွဲအလိုမှာ ဂျပန်အသင်းက နောက်တဆင့် တက်ရောက်သွားပြီဖြစ်ပြီး ဆီးရီးယားနဲ့ မြောက်ကိုရီးယားတို့က လက်ကျန်တနေရာအတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။