ကိုရီးယားနှစ်နိုင်ငံအကြား စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ထားခဲ့ပြီးနောက်မှာ ကိုရီးယားနှစ်နိုင်ငံနဲ့ အနောက်မြောက်ကျွန်းတွေကို ပိုင်းခြားထားတဲ့ နယ်နိမိတ်မျဉ်း တလျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေကို ပြန်လည်စတင်မယ်လို့ တောင်ကိုရီးယားစစ်တပ်က ဇွန် ၄ ရက်မှာ ပြောပါတယ်။
ကိုရီးယားနှစ်နိုင်ငံကြား စစ်ရေးသဘောတူညီချက် ဆိုင်းငံ့လိုက်တာကို သမ္မတ ယွန်းဆွတ်ခ်ယိုးက အင်္ဂါနေ့အစောပိုင်းမှာ အတည်ပြုခဲ့တာဖြစ်ပြီး ဒါဟာ ရာနဲ့ချီတဲ့ မီးပုံးပျံတွေကို နယ်စပ်ကိုဖြတ်ပြီး အမှိုက်တွေ စေလွှတ်ပစ်တင်နေတဲ့ မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ ချိုချန်းလယ်က “ကက်ဘိနက် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သမ္မတရဲ့ အတည်ပြုချက်အရ တောင်ကိုရီးယား အစိုးရဟာ စက်တင်ဘာ ၁၉ စစ်ရေးသဘောတူညီချက် တခုလုံးကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီဆိုင်းငံ့မှုဟာ ဇွန်လ ၄ ရက် အင်္ဂါနေ့ ညနေ ၃း၀၀ နာရီမှာ စတင်အကျုံးဝင်မှာဖြစ်ကြောင်း” ပြောပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ သူ့ပြည်သူတွေရဲ့ အသက်နဲ့ ဘေးကင်းရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေ အားလုံးကို တောင်ကိုရီးယား စစ်တပ်က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားကြောင်းလည်း ဆိုပါတယ်။
မြောက်နဲ့ တောင်ပိုင်းကြား အပြန်အလှန်ယုံကြည်မှု ပြန်လည်မရရှိမချင်း ဒီရပ်ဆိုင်းမှုဟာ ဆက်ရှိနေမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
၉/၁၉ စစ်ရေးသဘောတူညီချက်အရ နှစ်နိုင်ငံစလုံးဟာ နယ်စပ်တလျှောက် စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းရေး စတဲ့အစီအမံတွေ အပါအဝင် စစ်ရေးတင်းမာမှုနဲ့ ပဋိပက္ခတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ “အချင်းချင်း ရန်လိုတဲ့ လုပ်ရပ်အားလုံးကို လုံးလုံးလျားလျား ရပ်တန့်ဖို့” သဘောတူညီခဲ့ကြပါတယ်။
Source-Reuters