တရုတ်နိုင်ငံ မြို့တော် ပေကျင်းက ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို တီယန်နန်မင်ရင်ပြင်မှာ ဖြိုခွင်းခဲ့တဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည်အကြိုနေ့ ဇွန် ၃ ရက်မှာ လူစည်ကားတဲ့ ဈေးဝယ်ခရိုင် ကော့စ်ဝေးဘေးမှာ ဖျော်ဖြေရေး အနုပညာရှင်တဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ပန်းချီဆရာ ချန်စန်းမုဟာ လက်ဟန်နဲ့ အရက်ကို ပါးစပ်ထဲလောင်းထည့်တဲ့ အမူအရာကို လုပ်ရင်း ဖျော်ဖြေခဲ့ပြီး တီယန်နန်မင်ရင်ပြင်ကို ဖြိုခွင်းတဲ့နေ့စွဲဖြစ်တဲ့ ဇွန် ၄ ရက်၊ ၁၉၈၉ ခုနှစ်ကို ကိုယ်စားပြုတဲ့ နံပါတ် “၈၉၆၄” ကို လက်ဟန်နဲ့ လေထဲမှာ စာရေးပြခဲ့ပါတယ်။
ချန်ဟာ အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကလေးတွေကို ကလေးလို နေပါစေလို့ အဓိပ္ပာယ်ရတဲ့စာကို ရေးထိုးထားတဲ့ ကင်းဗတ်အိတ်ကို ကိုင်ဆောင်ထားပါတယ်။
ဟောင်ကောင်က ဖယောင်းတိုင်မီးထွန်းပွဲအတွက် ရှေးကတည်းက သုံးခဲ့တဲ့ နေရာအနားက လမ်းပေါ်မှာ ဖျော်ဖြေချိန်တလျှောက် အနုပညာရှင် ချန်ဟာ နှုတ်ဆိတ်နေခဲ့ပါတယ်။ အဲဒီနေရာကို ရဲတွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။
ချန်ကို နောက်ပိုင်းမှာ ခြွင်းချက်မရှိ လွှတ်ပေးခဲ့တယ်လို့ ချန်ရဲ့ရှေ့နေက ပြောပါတယ်။
တီယန်နန်မင်ရင်ပြင်ဖြိုခွင်းမှု အထိမ်းအမှတ်ပွဲတွေဟာ တချိန်က အကြီးအကျယ် နိုးကြားခဲ့တဲ့ ဟောင်ကောင်မှာ ခုတော့ ကန့်သတ်ချုပ်ချယ်မှုတွေ ပိုတိုးလာနေပါတယ်။
၂၀၂၀ ခုနှစ်မှာ တရုတ်ပြည်မကြီးအစိုးရက ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေရဲ့ ဖိအားတွေကြောင့် ခုတော့ နိုးကြားမှုတွေ ပျောက်ကွယ်သွားခဲ့ပြီး လန်ဒန်နဲ့ တိုင်ပေလို မြို့ကြီးတွေမှာပဲ ဇွန် ၄ ရက် နှစ်ပတ်လည်အမှတ်တရတွေ ဆက်လက်ရှင်သန်ခဲ့ပါတယ်။
Source-Reuters