Home
မြန်မာသတင်း
သိမ်ဇရပ်တွင် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရ၊ ဘီးလင်းနှင့် ရေးမြို့နယ်၌ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
June 4, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ ခုကို ဇွန် ၂ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဝေါပကဖက ပြောပါတယ်။

ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ သိမ်ဇရပ်မြို့ ခမရ ၂၀၇ တပ်ရင်းနဲ့ ၃၁၀ အမြောက်တပ်ရင်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန် ၂ ရက် မနက် ၇ နာရီခွဲမှာ ၆၀ မမစိန်ပြောင်း၊ M-79 လောင်ချာ၊ ခွင်းဗုံး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဝေါပကဖ တာဝန်ရှိသူတဦးက “မနက်စောစော ကျနော်တို့ စစ်တပ် ၂ ခုကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်ကလည်း အထိနာသွားတော့ ၆၀ မမနဲ့ ၁၂၀ မမတွေနဲ့ ပြန်ပစ်ခဲ့တာရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတဦး သေဆုံးပြီး အရာရှိတဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဝေါပကဖက ပြောပါတယ်။

စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရပြီးနောက် KNU အုပ်ချုပ်‌မှုပိုင် ကျေးရွာတွေဘက်ကို စစ်ကောင်စီ အမတ ၃၁၀ ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိမ်ဇရပ်မြို့ခံတဦးက ပြောပါတယ်။

“သူတို့တပ်တွေ ပစ်ခံရပြီးကတည်းက ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်တာ တနေကုန်ပဲ။ နောက်ပြီး သိမ်ဇရပ်မြို့ထဲမှာလည်း အစစ်‌အဆေး တချက်တော့ ကျပ်သွားတယ်။ သိမ်ဇရပ်ထဲမှာရှိတဲ့ ရဲစခန်းတို့ စစ်တပ်ဂိတ်တွေဟာ ခဏခဏ တိုက်ခံရတယ်။”

တိုက်ခိုက်မှုကို KNU/KNLA၊ Project Home ရန်ကုန်အဖွဲ့၊ အင်း‌တကော်ပကဖ၊ ဝေါပကဖနဲ့ သနပ်ပင်ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက်ကလည်း သိမ်ဇရပ် စစ်တောင်းစက္ကူ‌စက်ရှေ့မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ ကရင် စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင် တောင်စွန်းအုပ်ချုပ်ရေးမှူး ဇွန် ၁ ရက်နေ့က ပစ်သတ်ခံခဲ့ရပြီး ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းကျေးရွာမှာလည်း အမျိုးသား ၂ ယောက် ပစ်ခတ်ခံရပြီး ၁ ယောက် သေဆုံးသွားပါတယ်။

ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇာ်လေးဟာ ဇွန် ၁ ရက် မနက် ၇ နာရီကျော်က နေအိမ်ကနေ လယ်ထဲသွားတဲ့အချိန် သေနတ်သမားနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် နေရာမှာပဲသေဆုံးခဲ့ပါတယ်။

ဦးခင်လေးဇော်ဟာ သထုံမြို့နယ်၊ ကရင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီက တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးတဲ့နောက် အုပ်ချုပ်ရေးမှူးဖြစ်လာတာပါ။

တောင်စွန်းဒေသခံတယောက်က “သူက အုပ်ကြီးဆိုပေမယ့် အရင်ကတည်းက စစ်ကောင်စီခိုင်းတာ ဘာမှမလုပ်ဘဲ တခြားသူတွေကိုပဲ လွှဲပေးထားတာ။ ဟိုတခါက သူ လွှဲထားပေးထားတဲ့ သူတယောက်တောင် အသတ်ခံလိုက်ရသေးတယ်။ သူက မြို့နယ် ကရင်စာပေနဲ့ယဉ်ကျေးမှု အဖွဲ့ဝင်လည်းဖြစ်တယ်။ ဘယ်သူတွေက ဘာကြောင့် သတ်သွားလဲဆိုတာတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။

ဦးခင်လေးဇော်ဟာ NLD ထောက်ခံအားပေးတဲ့သူတယောက်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့ အချိန်မှာလည်း ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးခင်လေးဇော် အသတ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက သတ်သွားတာ မသိရသေးသလို စစ်ကောင်စီဘက်ကရော တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကပါ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း ဦးခင်လေးဇော် လွှဲထားပေးတဲ့ အုပ်ချုပ်ရေးမှူးအကူ ဦးကျော်ကျော်ဟာ တောင်စွန်းကျေးရွာထဲမှာရှိတဲ့ စက်သုံးဆီဆိုင်ရှေ့မှာ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနဲ့ စာရေးမ ဒေါ်သက်ဟေမာမြတ် တို့နှစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့တွေက အုပ်ချုပ်ရေးမှူးရုံး အတွင်းမှာပဲ ပစ်သတ်ခဲ့ပါတယ်။

ရေးမြို့နယ်မှာလည်း ကျုံလောင်းရွာဟောင်းကျေးရွာ၊  အိုင်ပုတ်ပိုင်းမှာ ရာဘာခြံလုပ်ကိုင်သူ အမျိုးသား ၂ ယောက် ပစ်ခတ်ခံရပြီး ၁ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ဒေသခံတယောက်က “ပစ်ခတ်ခံရသူတွေဟာ  ရာဘာခြံလုပ်ငန်း လုပ်ကိုင်တဲ့  ကိုဖိုးကုလားနဲ့ အဖော်တဦး ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့က သူပိုင်ရော်ဘာခြံအတွင်းက နေအိမ်ထဲမှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီး နေရာမှာပဲ ကိုဖိုးကုလား သေဆုံးသွားပြီး အဖော် အမျိုးသားကတော့ ပြင်းထန်တဲ့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ကိုဖိုးကုလားက ရရှိတဲ့ဒဏ်ရာက သွေးလွန်ပြီး ဆုံးသွားတာ။ နောက်တယောက် အခြေအနေကလည်း ဒဏ်ရာပြင်းထန်တယ်။ ညပိုင်းဆိုတော့ ဆေးရုံတွေ ပို့ဆောင်ပေးရတာ သွားလာရတာ အခက်ခဲလည်းရှိကြတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူတွေဟာ ရာဘာခြံလုပ်ငန်း လုပ်ကိုင်သူတွေပဲ ဖြစ်ကြပြီး အခုလို ပစ်ခတ်တာကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့က လုပ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013