မက္ကဆီကို သမ္မတရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီက သမ္မတလောင်း ကလော်ဒီယာ ရှိန်းဘောင်း စံချိန်တင်မဲရာခိုင်နှုန်းနဲ့ အနိုင်ရပြီး ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ဆင်းရဲသားတွေကို ပံ့ပိုးကူညီတဲ့ မူဝါဒတွေကြောင့် လူကြိုက်များတဲ့ သမ္မတ အန်ဒရေစ် အိုဘရာဒေါရဲ့ နေရာဆက်ခံသူ ရှိန်းဘောင်းဟာ မဲ ၅၈ နဲ့ ၆၀ ရာခိုင်နှုန်းကြား ရရှိတယ်လို့ ကော်မရှင်ရဲ့ နမူနာကောက်ယူ ရေတွက်မှုအရ သိရပါတယ်။
ဒါဟာ မက္ကဆီကို ဒီမိုကရေစီသမိုင်းမှာ မဲရာခိုင်နှုန်း အပြတ်အသတ်အဖြစ်ဆုံး အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။
“သမ္မတနိုင်ငံရဲ့ အနှစ် ၂၀၀ သက်တမ်းအတွင်းမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မှာပါ” လို့ ရှိန်းဘောင်းက စုရုံးနေကြတဲ့ ထောက်ခံသူတွေကို ပြောပါတယ်။
ရှိန်းဘောင်းဟာ လူမှုဖူလုံရေးအစီအစဉ်တွေ တိုးချဲ့မှာဖြစ်သလို အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကို ဆက်လက်ထိန်းသိမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မက္ကဆီကို ဗဟိုဘဏ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်သွားမယ်လို့လည်း ပြောထားပါတယ်။
အစဉ်အလာနဲ့ ဘာသာရေးအရ အမျိုးသားကြီးစိုးတဲ့ မက္ကဆီကိုနိုင်ငံမှာ ရှိန်းဘောင်းရဲ့ အောင်ပွဲဟာ အင်မတန်အရေးပါနေပါတယ်။
မြောက်အမေရိကတိုက်မှာရှိတဲ့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ သုံးနိုင်ငံစလုံးမှာ အရင်က အမျိုးသမီးတဦးဟာ ထိပ်ဆုံးခေါင်းဆောင်နေရာ တခါမှ အနိုင်မရခဲ့ဖူးပါဘူး။
Source-Reuters