ဆွစ်ဇာလန်နိုင်ငံမှာ အခုလနှောင်းပိုင်း ကျင်းပမယ့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲမှာ တခြားနိုင်ငံတွေ မတက်အောင် တရုတ်က နှောင့်ယှက်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စွပ်စွဲလိုက်ပါတယ်။
စင်ကာပူမှာ မေ ၃၁ ကနေ ဇွန် ၂ ရက်အထိ ကျင်းပခဲ့တဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ လုံခြုံရေးဆွေးနွေးပွဲမှာ ဇလန်းစကီးက အခုလို စွပ်စွဲခဲ့တာပါ။
အာရှ-ပစိဖိတ်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရှာဖွေနေတဲ့ ဇလန်းစကီးဟာ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတက်ကြဖို့ အာရှနိုင်ငံတွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။
အခုအချိန်အထိ တချို့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ဖို့ အတည်မပြုသေးတဲ့ အတွက်လည်း စိတ်ပျက်မိတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကိုတက်ရင် စိုက်ပျိုးရေးနဲ့ စားသောက်ကုန်တွေ ပိတ်ဆို့မယ်လို့ ရုရှားက ခြိမ်းခြောက်ထားပါတယ်။
အဲဒီကိစ္စမှာ တရုတ်ကလည်း အားပေးအားမြှောက် လုပ်နေတယ်လို့ ဇလန်းစကီးက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
“ရုရှားဟာ ဒေသတွင်းက တရုတ်လွှမ်းမိုးမှုကို အသုံးချ၊ တရုတ်သံတမန်တွေကို အသုံးချပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အနှောင့်အယှက်ဖြစ်အောင် လုပ်လို့ရသမျှ အကုန်လုပ်နေပါတယ်။ ဒီလို အင်အားကြီး၊ လွတ်လပ်ပြီး အားကောင်းတဲ့ တရုတ်လိုနိုင်ငံမျိုးက ပူတင်ရဲ့လက်ထဲမှာ အသုံးချခံဖြစ်နေရတာ စိတ်မကောင်းစရာပါ။”
ပြီးခဲ့တဲ့နှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောပြီးနောက်ပိုင်း တရုတ်ဘက်က တာဝန်ရှိသူ အဆင့်ဆင့်နဲ့ တွေ့ဆုံခွင့်ရဖို့ ယူကရိန်းဘက်က ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ ဇလန်းစကီးက ပြောပါတယ်။
Source-Reuters