အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဟားမတ်စ်တွေကို ချေမှုန်းလို့ မပြီးမချင်း ဂါဇာမှာ ထာဝရ အပစ်အခတ်ရပ်စဲရေး မဖြစ်နိုင်ဘူးလို့ ဇွန် ၁ ရက်မှာ ပြောလိုက်ပါတယ်။
ဒါကြောင့် အစ္စရေးက သူ့ဟာသူရေးတာလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ရဲ့ အဓိက အစိတ်အပိုင်းတခုအပေါ် သံသယဝင်နေကြပါတယ်။
နှစ်ဖက်စလုံးက “ရန်လိုတာတွေ အပြီးတိုင်အဆုံးသတ်ရေး” ညှိနှိုင်းနေချိန်မှာပဲ အစ္စရေးစစ်တပ် တစိတ်တပိုင်း ပြန်ဆုတ်ရေးနဲ့ ဓားစာခံတချို့ကို လွှတ်ပေးရေးတို့နဲ့အတူ ကနဦး သီတင်းပတ် ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက အဆိုပြုခဲ့တယ်လို့ မေ ၃၁ ရက်မှာ ဘိုင်ဒင်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဟားမတ်စ်ရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး စွမ်းရည်တွေကို မဖျက်ဆီးမီ အစ္စရေးက အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို သဘောတူမယ်ဆိုတဲ့ ဘယ်လို နားလည်သဘောပေါက်မှုကမဆို အောင်မြင်စရာလမ်းမရှိတဲ့ ကိစ္စလို့ နေတန်ယာဟုရဲ့ စနေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဓားစာခံတွေအားလုံးကို လွှတ်ပေးဖို့နဲ့ ဟားမတ်စ်အဖွဲ့ကို ဖျက်ဆီးဖို့ အစ္စရေးက လနဲ့ချီကြာ တောင်းဆိုနေပါတယ်။
အမြဲတမ်း အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးတပ်တွေ ဆုတ်ခွာပေးရေးနဲ့ ပါလက်စတိုင်း အကျဉ်းသား အများအပြားကို လွှတ်ပေးရေးအတွက် ဟားမတ်စ်က တောင်းဆိုခဲ့ပါတယ်။
အစ္စရေးရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံထဲမှာ ဂါဇာက အရပ်သားတွေ ဒုက္ခရောက်နေလို့ စစ်ပွဲရပ်တန့်ဖို့ ဘိုင်ဒင်ကို အတိုင်းအတာတခုအထိ ဖိအားပေးနေပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သမ္မတဘိုင်ဒင်က ဒုတိယသမ္မတသက်တမ်းကို အနိုင်ရဖို့ မျှော်လင့်နေပါတယ်။
Source-Reuters