ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း ကိုမီသမ္မတနိုင်ငံ အူးဟ်တာမြို့နားက ရုရှားရေနံလုပ်ငန်းကြီး လုခ်ကွိုင်ယယ် ပိုင်တဲ့ ရေနံချက်စက်ရုံမှာ မီးလောင်ပြီးနောက် လူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်ဝန်ကြီးဌာနက ဇွန် ၂ ရက်မှာ ပြောပါတယ်။
အူးဟ်တာမြို့ကနေ ၂ မိုင်ခွဲဝေးတဲ့ ရေနံချက်စက်ရုံက သိုလှောင်ကန်တခုမှာ လောင်ခဲ့တဲ့ မီးကို ဝန်ထမ်း ၇၄ ဦးက ငြှိမ်းသတ်နေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ပြန်ပြင်ထားတဲ့ အချက်အလက်တွေအရ ကန်ထရိုက်ကုမ္ပဏီတခုရဲ့ ပုံမှန်နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ မီးလောင်ခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။ လုခ်ကွိုင်ယယ် ကတော့ ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။
ရုရှားရေနံစက်ရုံ အများအပြားဟာ မကြာသေးမီလတွေအတွင်း မီးလောင်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။
တချို့ကတော့ ယူကရိန်းနိုင်ငံက မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခံရလို့ မီးလောင်တာဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသတွင်း ပဋိပက္ခကြောင့် တုန်လှုပ်နေတဲ့ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးကွက်မှာ မသေချာ မရေရာတာတွေ ဖြစ်ခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးဟာ ၂ နှစ်ကျော်ကြာ ပဋိပက္ခအတွင်း အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေ၊ စစ်ရေးအဆောက်အဦတွေနဲ့ တပ်စွဲထားတဲ့ စခန်းတွေကို တိုက်ခိုက်ဖို့ ဒရုန်းတွေကို သုံးခဲ့ကြပါတယ်။
Source-Reuters