စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းမှာ စစ်တပ်က ကျောင်းနေအရွယ် ကလေးတွေကို ဖိအားပေး ကျောင်းတက်ခိုင်းနေတာကြောင့် မိဘတွေ အခက်ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ခဝဲကျင်းရွာ၊ ဇီးတောရွာ၊ ကံစုရွာ စတဲ့ကျေးရွာတွေက ကျောင်းနေအရွယ် ကလေးမိဘတွေကို ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
ခဝဲကျင်းရွာက ကျောင်းသားမိဘတဦးက “ကလေးတွေကို သူတို့ စစ်ကောင်စီကဖွင့်လှစ်တဲ့ ကျောင်းတွေမှာ ကျောင်းထားဖို့ ပြောတယ်။ ကျောင်းမထားဘူးဆိုရင် ၁၃ နှစ်နဲ့အထက် အမျိုးသားတိုင်းကို ဖမ်းဆီး ပေါ်တာဆွဲမယ်။ မိန်းကလေးဆိုရင်လည်း သူတို့က ဖမ်းဆီးပြီး ငွေနဲ့ပြန်ရွေးခိုင်းမယ်လို့ ခြိမ်းခြောက်တယ်။ မူလယ်တန်းအဆင့် ကလေးငယ်တွေ ဆိုရင်လည်း ကလေးဖမ်းလို့မရရင် မိဘကို ဖမ်းမယ်လို့ ပြောတယ်ဗျ” လို့ ပြောပါတယ်။
ဖိအားပေး ကျောင်းတက်ခိုင်းနေတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီ အထိုင်ချစခန်းဖြစ်တဲ့ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ရုံးစိုက်ရာအနီးက ကျေးရွာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဇီးတောရွာမှ ကျောင်းသားမိဘတဦးက “ဖိအားပေး ကျောင်းတက်ခိုင်းနေတာတော့ ဟုတ်တယ်ဗျ။ ဒါပေမဲ့ လက်နက်ကိုင်က ၂ ဖက်ဆိုတော့ဗျာ ကျောင်းမတက်ဘဲ နေပြန်ရင်လည်း စစ်ကောင်စီဘက်က ရန်လိုလာလိမ့်မယ်။ ကျောင်းတက်ပြန်ရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရန်လိုလာလိမ့်မယ်ပေါ့ဗျာ။ ကျနော်တို့ ပြည်သူ့ဆန္ဒကတော့ ကျနော်တို့ အစိုးရမသတ်မှတ်တဲ့ စစ်ကောင်စီကျောင်းကို လုံဝကျောင်းမထားချင်ဘူးပေါ့ဗျာ။ ဒါပေမဲ့ လက်နက်ကိုင်ထားတဲ့ သူတိုင်းကို ကြောက်ရတော့ ဒုက္ခများရတာပေါ့” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ လက်အောက်ခံ ကျောင်းတွေမှာ ကျောင်းမထားကြဖို့ ဒေသတွင်း အမိန့်ထုတ်ပြန်ထားပြီး စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံပြီး ကျောင်းထားပါက ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ အမိန့်ထုတ်ပြန်တာတွေလည်း ရှိနေပါတယ်။