Home
မြန်မာသတင်း
စစ်တွေမြို့နယ်၌ ရွာသား ၁,၅၀၀ ကျော်ကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီး ရွာမီးရှို့၊ မောင်တောတွင် တိုက်ပွဲပြင်းထန်
DVB
·
June 3, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှာ မေ ၂၉ ရက်ကနေ ဇွန် ၁ ရက်အထိ အမျိုးသမီးနဲ့ ကလေးသူငယ် ၁,၅၀၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာ အသုံးပြုဖို့ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဗျိုင်းဖြူကျေးရွာမှာ မေ ၂၉ ရက်ကနေ ဇွန် ၁ ရက်အထိ အမျိုးသမီးနဲ့ ကလေးသူငယ် ၁,၅၈၈ ယောက်ကို ဖမ်းဆီးကာ လူသားဒိုင်းကာ အသုံးပြုဖို့ ဘုန်းကြီးကျောင်းတွေမှာ ပိတ်လှောင်ထားတယ်လို့ စစ်တွေဒေသခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့သူတွေကို စစ်တွေမြို့ပေါ်က မဏိရတနာ ဘုန်းကြီးကျောင်းမှာ အယောက် ၄၀၀၊ သံဃရတနာ ဘုန်းကြီးကျောင်းမှာ အယောက် ၃၀၀၊ အိမ်စိုးမေ ဘုန်းကြီးကျောင်းမှာ ၁၅၀၊ ယတြာ ဘုန်းကြီးကျောင်းမှာ ၁၄၀၊ စစ်ကဲ ဘုန်းကြီးကျောင်းမှာ ၁၂၀၊ ဓမ္မရိပ်သာ ဘုန်းကြီးကျောင်းမှာ ၄၂၈ ယောက်နဲ့ ဝိဘဇ္ဇဝါဒီ ဘုန်းကြီးကျောင်းမှာ အယောက် ၅၀ လူသားဒိုင်းကာ အသုံးပြုဖို့ ဖမ်းဆီးပိတ်လှောင်ထားတယ်လို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့အထဲက ပြည်သူ ၅၃ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ကာ အလောင်းဖျောက်ပြီး အမျိုသမီးတချို့ကို အဓမ္မပြုကျင့်ကာ ပြည်သူထောင်နဲ့ချီ ဖမ်းဆီးထားတာကြောင့် ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဇွန် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တွေမြို့နယ်မှာ ဇွန် ၁ ရက် ညနေပိုင်းက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၂၀၀ ကျော်လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့နယ်၊ မင်းကန်းတောကျေးရွာကို ဇွန် ၁ ရက် ညနေ ၅ နာရီလောက်မှာ ဗျိုင်းဖြူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ခဲ့တာလို့ စစ်တွေဒေသခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၆၀ ကျော်ရှိတဲ့အနက် ပြည်သူတွေရဲ့ နေအိမ် ၁၅၀ မီးလောင်ဆုံးရှုံးခဲ့ကာ မီးမလောင်တဲ့ နေအိမ်တွေကိုလည်း ဘက်ဟိုးတွေနဲ့ ဖြိုဖျက်ခဲ့လို့ နေအိမ် ၁၀ လုံးလောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်သားတွေဟာ သုံးဆောင်ကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၁၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီဘက်က ခံစစ်ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဖျက်ဆီးခဲ့ကြတာပါ။ အာရက္ခတပ်တော် (AA) ဘက်က ရေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်လာမှာကို ကြောက်လန့်ပြီး မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို ဖြိုဖျက်တာတွေ ပြုလုပ်လာကြတာ။”

စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံရွာကိုလည်း မေ ၂၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဘက်ဟိုးတွေနဲ့ ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမ်းမြို့နယ်မှာတော့ ကျောင်းဆရာတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမ်းမြို့နယ် လုံးရွာမှာ မေ ၃၁ ရက် ညနေ ၃ နာရီလောက်မှာ အမ်းမြို့နယ် ပညာရေးမှူးရုံးကနေ အစည်းဝေးတက်ပြီးပြန်လာတဲ့ ကျောက်မြောင်းကျေးရွာက အသက် ၃၅ နှစ်အရွယ် အလယ်တန်းပြကျောင်းဆရာ ဦးမောင်ဝင်းဌေးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ကြတယ်လို့ အမ်းမြို့ ဒေသခံက DVB ကို ပြောပါတယ်။

ဦးမောင်ဝင်းဌေးဟာ လင်ပန်းကျကျေးရွာမှာ တာဝန်ကျနေတာဖြစ်ပြီး တခြား ဆရာ၊ ဆရာမတွေနဲ့အတူ မေ ၃၀ ရက် မနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးမှာ အစည်းအဝေး တက်ရောက်ခဲ့တာဖြစ်ပြီး သူ့ကို ULA/AA နဲ့ ဆက်စပ်မှုရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၄၀၀ ကျော်လောက်ကို AA နဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

မောင်တောမြို့နယ်မှာ ဇွန် ၂ ရက် ညပိုင်းကစလို့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မောင်တောမြို့နယ်၊ ငွေတောင်ကျေးရွာနားမှာ ဇွန် ၂ ရက် ည ၉ နာရီလောက်ကစလို့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ AA နဲ့ နီစပ်သူတယောက်က DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပြီး ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ သုံးခုလုံးနဲ့ ခုခံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်၊ ပါဒလိတ်အခြေစိုက် ၃၄၄ တပ်ရင်းကလည်း အတွဲလိုက်ပစ် ဒုံးကျည်တွေနဲ့ ပစ်ကူပေးနေတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013