အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က သူထောင်ကျသွားလည်း သူ့အတွက် ပြဿနာမရှိပေမဲ့ လူထုကတော့ သည်းခံမယ် မထင်ဘူးလို့ Fox News နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အပြာမယ် စတုန်မီဒန်နီယယ် အတွက် နှုတ်ပိတ်ခပေးမှုကို ဖုံးကွယ်ဖို့ စီးပွားရေးမှတ်တမ်းတွေ အတုလုပ်ခဲ့မှုအတွက် ထရမ့်ပ်မှာ အပြစ်ရှိတယ်လို့ ပြီးခဲ့တဲ့အပတ်မှာ ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
ပြစ်ဒဏ်ဟာ ဒဏ်ကြေးဖြစ်မလား၊ ထောင်ဒဏ်ဖြစ်မလား ဆိုတာကိုတော့ ဇူလိုင် ၁၁ ရက်မှာ တရားသူကြီးက ဆုံးဖြတ်ပေးရမှာပါ။
ထရမ့်ပ်ဘက်ကတော့ အယူခံတက်ဖို့ ရှိနေပါတယ်။ ဒီစီရင်ချက်ကြောင့် ထရမ့်ပ်ဟာ ရာဇဝတ်ကြောင်းအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်လာပါတယ်။
ဒီအမှုထဲမှာ ထရမ့်ပ်နဲ့ အပြာရုပ်ရှင်မင်းသီး စတုန်မီဒန်နီယယ်တို့ရဲ့ အိပ်ရာပေါ်က ကိစ္စတွေပါ အသေးစိတ် ပါဝင်ခဲ့ပါတယ်။
ထရမ့်ပ်က ပိုးထည်ညအိပ်ဝတ်စုံနဲ့ ဒန်နီယယ်ကို လက်ခံတွေ့ဆုံတာ၊ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံတာ၊ ဇနီးသည်နဲ့ အိပ်ရာခွဲအိပ်တာတွေပါ ဒန်နီယယ်က ထွက်ဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဇနီးသည် မယ်လာနီယာထရမ့်ပ် ဘက်က ပြဿနာမရှိပေမဲ့ တကယ်ခက်ခဲတဲ့ကိစ္စလို့ ထင်ကြောင်းလည်း ထရမ့်ပ်က အင်တာဗျူးမှာ ပြောသွားပါတယ်။
အင်တာဗျူးမှာ သူထောင်ကျသွားနိုင်ခြေကိုလည်း ထရမ့်ပ်က အသိအမှတ်ပြုခဲ့ပြီး ဒီအတွက် သူ့ဘက်က အိုကေပေမဲ့ အများပြည်သူကတော့ သည်းခံမယ်မထင်ဘူးလို့ သတိပေးသွားပါတယ်။
ကျိုးပျက်ပေါက်ကွဲထွက်တဲ့ ပွိုင့်တခုဆိုတာ ရှိတယ်လို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
Source-Reuters