Home
မြန်မာသတင်း
ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့ပစ်ခတ်၊ ဘင်္ဂလားဒေ့ရှ်တွင် မူးယစ်မှောင်ခို မြန်မာ ၂ ဦး ဖမ်းဆီးခံရ
DVB
·
June 3, 2024
Photo-Maesai Press

မြန်မာနယ်စပ် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်းနဲ့ ဖန်မြို့နယ်ထဲမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့အဖွဲ့တွေကြား ပစ်ခတ်မှုဖြစ်ပြီး စိတ်ကြွဆေး ၆, ၂၀၀, ၀၀၀ ဖမ်း ဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ် အမှတ် ၃၅ တိုက်ခိုက်ရေးနဲ့ မူးယစ်ဆေးဝါးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့  ချင်းဒေါင်းမြို့နယ် မိုင်းနာ့အုပ်စုထဲမှာ တာဝန်ထမ်းနေစဉ် မွန်းလွဲ ၁ နာရီလောက်မှာ ဘန့်ပါ ပုန်ငမ်းကျေးရွာ တောင်ခြေအနီး အထုပ်တွေ သယ်လာတဲ့သူတွေ တွေ့ရကြောင်း၊ တာဝန်ရှိသူဘက်က စစ်ဆေးဖို့အချက်ပြလိုက်ရာ တဘက်က စတင်ပစ်ခတ်ပြီး နှစ်ဘက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းထောက်ကို ပြောပါတယ်။ 

သေနတ်သံတွေ ငြိမ်သွားတော့ အဆိုပါနေရာတဝိုက် သွားရောက်စစ်ဆေးရှင်းလင်းရာမှာ ထိခိုက် ဒဏ်ရာရသူမရှိပေမဲ့ အစိမ်းရောင်အိတ်ပေါင်း ၃၀ လုံးတွေ့ရကြောင်း၊ အိတ် ၁ လုံးစီမှာ Y1 - 999 အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၂၀၀,၀၀၀ စီပါတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၆ သန်း သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။ 

ဇွန် ၁ ရက်  တနေ့တည်းမှာပဲ မနက် ၂ နာရီခွဲလောက်က ချင်းမိုင်ခရိုင် ဖန်မြို့နယ် မွမ့်ပင်ကျေးရွာအုပ်စု နှင်းဆီခြံအနီးမှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်စဉ် သေနတ်နဲ့ စတင်အပစ်ခံရကြောင်း၊ ထိုင်းစစ်တပ်က ပြန်ပစ်တော့ တဖက်ကလူတွေ ထွက်ပြေးသွားကြကြောင်း၊ အဲဒီနေရာကို တာဝန်ရှိသူတွေသွားစစ်တော့ ကျောပိုးအိတ် ၁ လုံးတွေ့ပြီး အထဲမှာ စိတ်ကြွဆေးပြား ၂၀၀, ၀၀၀  သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

မိုင်းနာ့ နဲ့ မွမ့်ပင်ကျေးရွာအုပ်စုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် တဘက်ခြမ်းမှာတည်ရှိပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် တက်က် နက်ဖ်မြို့မှာလည်း ခရစ္စတယ် မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် BSS သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းမိသူတွေကတော့ အသက် ၁၉ နှစ်အရွယ် Md Alam နဲ့ ၂၁ နှစ်အရွယ် Md Ayach တို့ ဖြစ်ပြီး သူတို့နဲ့အတူ မူးယစ်ဆေးဝါး ၃ ကီလိုဂရမ်ထက်မနည်း သယ်ဆောင်လာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ သူတို့ နှစ်ဦးစလုံးဟာ ရခိုင်ပြည်နယ်၊ မောင်တောဒေသခံတွေ ဖြစ်ကြတယ်လို့ ဖော်ပြပါတယ်။

လျှို့ဝှက်သတင်းပေးချက်အရ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ တက်က်နက်ဖ်တပ်ရင်း ၂ ကင်းလှည့်တပ်ဖွဲ့က မေ  ၃၀ ရက် ညနေ ၅ နာရီခွဲလောက်က စတင်ပြီးတော့ စစ် ဆေးရေးဂိတ်ချပြီး သွားလာနေတဲ့ ယာဉ်တွေကို စစ်ဆေးရှာဖွေခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် စီအန်ဂျီသုံး သုံးဘီးဆိုင်ကယ်တစင်းကို ရပ်တန့်စစ်ဆေးခဲ့ရာကနေ ခုလိုဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိတဲ့ သက်သေခံ မူးယစ် ဆေးဝါးတွေနဲ့အတူ တက်က်နက်ဖ်ရဲစခန်းကို ပို့ဆောင်ပြီးတော့ အမှုဖွင့်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Maesai Press/BSS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013