ထောင်စာကြည့်တိုက်မှာက ဖတ်စရာ ကောင်းကောင်းမရှိ။ အပျော်ဖတ်စာအုပ်များသာ ရှိသည်။ ထိုစာအုပ်များသည်လည်း ပွတ်ချွန်း (ကွမ်းယာဆေးအား စက္ကူဖြင့် လိပ်သောက်ခြင်း) ရန်ကြောင့် အစ မရှိ/အဆုံး မရှိ/အလည်မရှိ ဖြစ်နေသည်။ ထို့ကြောင့် စာဖတ်ကြသော နိုင်ငံရေးအကျဉ်းသား အများစုမှာ အိမ်မှ စာအုပ်မှာယူပြီး ဖတ်ကြရသည်။
စာအုပ်ကောင်းများလည်း ရှိပါသည်။ သို့သော် ပျက်စီးမည် စိုးသဖြင့် ထုတ်မငှား။ ဗီရိုထဲထည့်ကာ သော့ခတ်ထားကြသည်။ ထိုစာအုပ်များ ဖတ်လိုပါက စာကြည့်တိုက်မှူး (အခြားအမှုအကျဉ်းသား) နှင့် အင်မတန်ရင်းနှီးပတ်သက်ရန် လိုအပ်သည်။
(ထောင်တွင် ‘ပတ်သက်’ ဆိုသည့် အခေါ်အဝေါ်ရှိသည်။ ထောင်ကျသူများထဲမှ နာမည်ရှိသူများနှင့် ရင်းနှီးမှုရှိသူများအား ဘယ်သူ့ပတ်သက်ဟု သုံးနှုန်းသည်။ ပတ်သက်ရှိသူအား အနိုင်မကျင့်ရဲ။ ပတ်သက်မျက်နှာဖြင့် အထာထားလေ့ရှိသည်)
ပြဿနာမှာ ထောင်တွင် ဖတ်စရာကောင်းကောင်း မရှိခြင်း ဖြစ်သည်။ အဆောင်တွင် နိုင်ငံရေးအကျဉ်းသား ကျား ၁၅၀ နီးပါးရှိရာ ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေသည်။ စာအုပ်က မလောက်။
၂၀၂၂ နှစ်ဦးပိုင်းတွင် တာဝန်ခံအဆောင်မှူး (လက်ထောက်ကြီးကြပ်ရေးမှူး) မှ ကျနော်တို့အခန်းရှိ ၅၀၅-က ဖြင့် ထောင် ၂ နှစ် ကျခံနေသည့် မောင်မြင့်အား အကြံတခု ပေးသည်။ အဆောင်ပိုင် စာကြည့်တိုက်လုပ်ဖို့နှင့် စာအုပ်စာတမ်း ဝယ်ယူခြင်းနှင့် ပတ်သက်ပြီး သူ ကူညီမည်ဖြစ်ကြောင်း အကြံပြုခြင်း ဖြစ်သည်။
မောင်မြင့်က အဆိုပါအကြံအား ကျနော်တို့အား ပြန်လည်ချပြသည်။ ကျနော်တို့ဆိုသည်မှာ ပုဒ်မ ၅၀၅ (က) သမားများဖြစ်သော ကျနော်၊ အောင်အောင်၊ မောင်မျိုးနှင့် ကိုငြိမ်းတို့ ဖြစ်သည်။ ထို ၅ ယောက်လုံးမှာ စာအုပ်မဖတ်ရလျှင် မနေတတ်သူများ ဖြစ်သလို ကျနော်နှင့် မောင်ငြိမ်းမှာ မဂ္ဂဇင်းခေတ်တွင် စာမျက်နှာပေါ် ဖြတ်သန်းမှုရှိခဲ့ပြီး အောင်အောင်မှာလည်း စာဖတ်အားကောင်းသူ ဖြစ်ရာ ထိုအကြံကို သဘောတူပြီး စာကြည့်တိုက်ကော်မတီတခု ဖွဲ့လိုက်သည်။
(နိုင်ငံရေးအကျဉ်းသားအုပ်စုအား အဆောင်တခု၌ သီးသန့်ထားရှိပြီး အဆိုပါအဆောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါးအား တခန်းလျှင် ၃၀ နီးပါးဖြင့် အခန်း ၅ ခန်း ထားရှိသည်။ ကျန်အခန်းများကို အလွတ်ထားရှိပြီး အခြားအမှု အကျဉ်းသားများအား အဆောင်တွင် လုံးဝမထားပါ။)
ကော်မတီတွင် မောင်မြင့်က စာအုပ်မှာဖို့နှင့် စာအုပ်များ အထဲရောက်ရေး သူတာဝန်ယူသည်။ အောင်အောင်က ရန်ပုံငွေကောက်ခံရေး၊ ထားရှိမည့်စာအုပ် ပြုစုရေး၊ ငွေစာရင်းတာဝန်ယူမည် ဖြစ်သည်။ ကျနော်က စာကြည့်တိုက်မှူး၊ စာကြည့်တိုက် ထိန်းသိမ်းရေးနှင့် စာအုပ်စာရင်း၊ စာအုပ်ချုပ်၊ စာကြည့်တိုက်နှင့် ပတ်သက်သမျှ တာဝန်ယူသည်။ ကျန်နှစ်ဦးမှ လိုအပ်သည်များကို ကူညီမည် ဖြစ်သည်။
ထိုသို့ဖြင့် အဆောင်တခုလုံးအား အစည်းအဝေးခေါ်ပြီး အကြံအစည်ကို ချပြသည်။ ရန်ပုံငွေအဖြစ် ပါဆယ်လာသူများထံမှ တလလျှင် တဦးအတွက် ၃,၀၀၀ ကောက်ခံဖို့နှင့် အခန်းတခန်းလျှင် အခန်းလူကြီး (သို့) စည်းကမ်းထိန်း (သို့) အခန်းစာရေးက တဦးမှ လစဉ်ရက်တခုမတိုင်မီ ကောက်ခံပေးဖို့ ဖြစ်သည်။ အားလုံး သဘောတူသည်။
မောင်မြင့်က ထောင်ပိုင် (လက်ထောက်ညွှန်ကြားရေးမှူး) အား စာကြည့်တိုက်လုပ်မည် ဖြစ်ကြောင်း အကြောင်းကြားခဲ့ပြီး ထောင်ပိုင်မှ ခွင့်ပြုကာ စာကြည့်တိုက်နှင့် ပတ်သက်သမျှ ကူညီမည် ဖြစ်ကြောင်းလည်း ကတိစကား ရရှိခဲ့သည်။
စာကြည့်တိုက်ကော်မတီက အဆောင်ရှိ စာအုပ်ပိုင်ရှင်များထံကနေ လိုက်လံအလှူခံရာ စာအုပ် ၃၀ ခန့်ရသည်။ ပထမအသုတ် ကောက်ခံရရှိငွေ တသိန်းခွဲခန့်ဖြင့် သုတ၊ ရသ၊ ဘာသာရေး၊ အတ္ထုပ္ပတ္တိစာအုပ် ၁၅ အုပ်ခန့်၊ အပျော်ဖတ် အဟောင်း ၅၀ ခန့် ရသည်။ အဆောင်မှူးရုံးခန်းရှိ ဗီဒိုတွင် စာအုပ်များကို သိမ်းဆည်းထားပြီး နေ့လယ် ၂ နာရီ တန်းဖွင့်ချိန်တွင် စာအုပ်ငှားရမ်းကာ စာအုပ် ၁၀၀ ခန့်ဖြင့် ကိုယ်ပိုင်စာကြည့်တိုက် စတင်ခဲ့သည်။
ပထမဆုံးအသုတ်တွင် “သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ”၊ ထောင်တွင် လုံးဝအသွင်းမခံသည့် “ပါပီလွန်နှင့် ဗင်ဂို”၊ ဆရာမြသန်းတင့်၏ “လာခြင်းကောင်းသော အရှင်”၊ “သမိုင်းစကား၊ ပန်းစကား”၊ “ကုန်းဘောင်ရှာပုံတော်”၊ ”ရာဇဓိရာဇ်အရေးတော်ပုံ” စသည့် စာအုပ်များ ဝယ်ယူဖြည့်စွက်နိုင်ခဲ့သည်။
“ပါပီလွန်နှင့်ဗင်ဂို” မှာ ထောင်မှ မကြာခဏ ထွက်ပြေးသည့် လူတဦး၏ အကြောင်းအရာ ဖြစ်သဖြင့် ထောင်ဖောက်မည်စိုးသောကြောင့် အဆိုပါစာအုပ်အား ထောင်တွင် ပိတ်ထားသည့်စာအုပ် ဖြစ်သည်။
အဆိုပါစာအုပ်များအား အဆောင်မှူးက နံနက် နှစ်အုပ်၊ နေ့လယ် နှစ်အုပ် သူ ဖတ်ရန် အိမ်မှ ယူလာသကဲ့သို့ ယူလာပေးသည်ဖြစ်၍သာ ထောင်တွင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
တခုသော ညပိုင်း ထောင်ပိုင် (လက်ထောက်ညွှန်ကြားရေးမှူး)က အိပ်ဆောင်လာစစ်စဉ် ကျနော်က စာအုပ်ချုပ်ရန် ပလတ်စတစ်စ၊ ကတ်ကြေး(အသေး)၊ ဓား(ခဲတံချွန်အရွယ်)၊ စတက်ပလာ၊ စာအုပ်ချုပ်အပ်၊ ကြိုးများ လိုအပ်ကြောင်း တင်ပြရာ တဦးမှ တာဝန်ယူပြီး ထိန်းသိမ်းနိုင်လျှင် ခွင့်ပြုမည်ဆိုသဖြင့် တာဝန်ခံလိုက်ရာ ခွင့်ပြုသည်။
အဆိုပါပစ္စည်းများအား ဝန်ထမ်းကို ဝယ်ယူခိုင်းပြီး ထောင်ဘူးဝတွင် သိမ်းဆည်းခံရလျှင်တောင်မှ ထောင်ပိုင်ခွင့်ပြုထားသည်ဟု ဆိုကာ သွားရောက်ယူငင်နိုင်သည်အထိ စာကြည့်တိုက်အပေါ် ထောင်ပိုင်မှ ပံ့ပိုးပေးခဲ့သည်။
ဖောက်ခွဲဖြင့် အမှုရင်ဆိုင်နေရသည့် နိုင်/ကျဉ်းတဦးက ရုံးအထွက်တွင် ရှေ့နေနှင့် တရားသူကြီးထံမှ အလှူခံရာ စာအုပ် ၃၀၀ ခန့် ရရှိခဲ့သည်။ ရှေ့နေများ၊ တရားသူကြီးများနှင့် လွတ်မြောက်သွားကြသည့် နိုင်/ကျဉ်းအချို့မှ ဝိုင်းဝန်းလှူဒါန်းခြင်းဖြစ်ပြီး အဆိုပါစာအုပ်များတွင် အပျော်ဖတ်၊ ရုပ်ပြ၊ ကာတွန်းနှင့် ၁၉၇၀ ခန့်တွင် ထုတ်ဝေခဲ့သည့် စာအုပ်များ ပါရှိလာရာ စာကြည့်တိုက် အတော်ရုပ်လုံးပေါ်လာသည်ဟု ဆိုရပေမည်။ အဆိုပါ စာအုပ်များအား ထောင်ရှိ ပင်မစာကြည့်တိုက်သို့ ခွဲဝေပေးရန် တောင်းဆိုမှုများရှိရာ အုပ်ရေ ၁၀၀ ခန့် ခွဲဝေပေးရသည်။
အချိန်သုံးလခန့်အတွင်းမှာပင် ရန်ပုံငွေနှင့် ဝယ်ယူထားသည့် စာအုပ်များတွင် ရသစာပေများနှင့် ဘာသာပြန်များဖြစ်သည့် လွမ်းမောခဲ့ရသည့် တက္ကသိုလ်နွေညများ၊ တော်တီလာဖလက်၊ သွေးစုပ်မြေ၊ မာယာဘုံ၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ကုန်သည်စီးရီး၊ လေလွင့်သူ၊ မှောင်မိုက်မှာငို၊ သုခမြို့တော်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်၊ ခေတ်ပြိုင် ရုပ်ပုံလွှာ၊ အချစ်မိုးကောင်းကင် သမိုင်းနောက်ခံဖြစ်သည့် ချစ်သောယွန်းခင်ခင်၊ ဆရာချစ်ဦးညို၏ ရာဇဝင်နောက်ခံများ၊ နိုင်ငံရေးစာပေများ ဖြစ်သည့် အမှောင်ထဲက ဗမာပြည်၊ ကွန်မြူနစ်ဝါဒ၏ နေထွက်ချိန်နှင့် နေဝင်ချိန်(ပ)၊ ဘာတေးလစ်တနာ၏ တော်လှန်မှုများထဲက ဗမာပြည်၊ ကျောက်စိမ်းမြေ၊ ဒေါမာန်ဟုန်၊ မာ့ခ်ဝါဒနှင့် လူမျိုးစုပြဿနာ၊ သုံးနှစ်ရာသီဗမာပြည်၊ အနှစ်နှစ်ဆယ်၊ တာတေစနေသား၊ နိုင်ငံရေးအဘိဓာန်၊ ခြေလေးချောင်းတော်လှန်ရေး၊ ထောင်အတွေ့အကြုံများ ဖြစ်သည့် ဘာလဲဟဲ့ လူငရဲ၊ စမ်းချောင်း အင်းစိန် ဗားဗတ်၊ မျိုးမြင့်ညိမ်း နှင့် ကျော်စွာမိုးတို့၏ အာဏာရှင်ခေတ် ထောင်အတွေ့အကြုံစာအုပ်များ၊ နိုင်ငံရေးနောက်ခံများ ဖြစ်သည့် ပြိုမှာလေလား မိုးရဲ့၊ သပိတ်မှောက်ကျောင်းသား၊ ကွိ၊ ပျောက်ဆုံးသွားသည့် မျိုးဆက်တခု (ပ+ဒု+တ)၊ လေရူးသုန်သုန်၊ စစ်နှင့်ငြိမ်းချမ်းရေး၊ ကွန်မြူနစ်ဝါဒနှင့် သက်ဆိုင်သည့်စာအုပ်များ၊ ဗုဒ္ဓအကြောင်း ဖွဲ့ဆိုထားသော ကဗျာရှည်ဖြစ်သည့် အာရှတိုက်၏ အလင်းရောင်၊ ဘာသာရေးနောက်ခံများဖြစ်သည့် ကာမတဏှာ၊ ငရဲဆိုတာ ဂျိုနဲ့လားဗျို့ စသည့်စာအုပ်များဖြင့် အုပ်ရေ ၅၀၀ ကျော်ခန့် ရှိလာပြီဖြစ်သည်။ (မမှတ်မိတော့သော စာအုပ်များ အများအပြား ရှိနေပါသည်) ဘာသာရေးစာအုပ်များကတော့ တကူးတက မဝယ်ရပါ။ လှူဒါန်းသူများ ရှိနေပါသည်။
တက္ကသိုလ်ဘုန်းနိုင် စာအုပ်များကိုတော့ ကော်မတီမှ ဘွိုင်းကောက်လုပ်ပြီး မဝယ်၊ စာကြည့်တိုက်တွင်လည်း မထားပါ။
စာကြည့်တိုက်တခု ဖြစ်လာသလို ပြဿနာအချို့လည်း ရှိလာသည်။ အပျော်ဖတ်စာများ ဖတ်ချင်သူများမှ အပျော်ဖတ်စာပေများ မဝယ်သဖြင့် လစဉ်ကြေးမပေးဟု ဆိုလာသူ ရှိလာသလို စာကြည့်တိုက်ကော်မတီမှ ဝယ်ယူသည့် စာအုပ်များသည် မြင့်လွန်းလှသည်ဟု ဆိုကာ လစဉ်ကြေးမပေးဟု ပြောလာသူများလည်း ရှိလာကြသည်။ (အမှန်မှာ မြင့်လှသည်ဆိုသော စာအုပ်များမှာ စာကြည့်တိုက်တွင် ခေတ္တတောင်မနေရသော စာအုပ်များဖြစ်သည်၊ အပျော်ဖတ်စာပေများ တလလုံး ရန်ပုံငွေဖြင့် ဝယ်ယူပေးလိုက်သောအခါ ဖတ်စရာစာအုပ် မရှိဟု ဆိုကြပြန်သည်)
လစဉ်ရရှိသော ရန်ပုံငွေမှာ တခန်း သုံးသောင်း ပတ်ချာလည်နှင့် လေးခန်း တသိန်းကျော်သည်လေးသာ ရှိသည်။ နိုင်ငံရေးစာအုပ်များကို ထောင်ထဲရောက်အောင် သွင်းရသည်မှာ လုံးဝမလွယ်။ ထို့အတူ စာအုပ်ချုပ်ရသည်မှာ ကျနော် တဦးတည်း ထိုင်ချုပ်ရခြင်း ဖြစ်သည်။ မည်သူမှ မကူ။
ထို့အပြင် အခြားအမှုများအတွက် ထောင်၏ ပင်မစာကြည့်တိုက် ရှိသည်ဖြစ်ရာ ကျနော်တို့ဘက်မှ လုံးဝမငှားလိုကြ။ စာကြည့်တိုက်ကော်မတီမှာ အားလုံးကို ငှားရမ်းလိုသည်။ အခြားအမှုမှ စစ်အက်ဥပဒေဖြင့် အရေးယူခံထားရသူ ဗက၊ ဗမ အဆင့်များမှာ စာအုပ်ကောင်းများ ငတ်မွတ်ကြသည်။ ထို့အတူ အခြားအမှုတချို့မှ စာဖတ်အားကောင်းသူ တချို့လည်း ကျနော်တို့ စာကြည့်တိုက်မှ ငှားရမ်းလိုကြသည်။ သူတို့လည်း ရန်ပုံငွေ တလ ၃,၀၀၀ ထည့်ဝင်မည်။ စာအုပ်ငှားပေးပါဟု ဆိုလာကြသည်။
စာကြည့်တိုက် စတင်ထူထောင်စဉ်က ကော်မတီက မည်သူ့ကိုမဆို စာအုပ်ငှားရမ်းကြသည်။ အခြားအမှုတချို့မှ ငှားရမ်းသူဘက်မှာ စာအုပ်ပျောက်ရှခြင်း မရှိသော်လည်း အဆောင်အလည်လာကြသည့် အခြားအမှုတချို့မှာ စာကြည့်တိုက်အား ဝင်ကြည့်ရင်း စာအုပ်ခိုးယူမှုများ ရှိလာသည်။ အဆိုပါကိစ္စအား အခြေခံ၍ စာအုပ်မငှားလိုသည့် ပြဿနာ ရှိလာခြင်း ဖြစ်သည်။
နောက်ဆုံး တန်းစီးချုပ် အပါအဝင် အဆောင်ကို ဝင်ထွက်ခွင့်ရသူများသာ ငှားရမ်းမည်ဟု ဆုံးဖြတ်လိုက်ကာ တာဝန်ခံ အဆောင်မှူးမှလည်း အခြားအမှုများ အဆောင်လာခွင့်ကို ပိတ်လိုက်မှသာ အဆိုပါပြဿနာ ပြေလည်သွားခဲ့သည်။
နောက်တလခန့်အကြာတွင် အဆောင်မှူးမှာ အခြားထောင်သို့ ပြောင်းရွှေ့ရသည်။ စာအုပ်အထဲရောက်ဖို့မှာ ပြဿနာတခု ဖြစ်လာသည်။
စာအုပ်မှာယူရန် အခန်းအလိုက် ဖတ်လိုသည့် စာအုပ်စာရင်း တောင်းရသည်။ တဖန် ဂန္ထဝင်စာပေများနှင့် နိုင်ငံရေးစာအုပ်များအတွက် ကော်မတီမှာ ရှာဖွေရပြန်သည်။ ပြီးလျှင် အဆိုပါစာအုပ်စာရင်းအား ခိုးသွင်းထားသည့်ဖုန်းဖြင့် မောင်မြင့်က သူ့အစ်မရှိရာ ရန်ကုန်သို့ ဆက်ပြီး ဝယ်ခိုင်းရသည်။
စာအုပ်ဝယ်ယူရန် ငွေအား အဆောင်မှူးမှတဆင့် မောင်မြင့်အိမ်သို့ ပို့ပေးလိုက်သည်။ အဆောင်မှူးက စာအုပ်ဝယ်ရန်ငွေအား ကော်မရှင်ဖြတ်မစား။ အရှိအတိုင်း ပို့ပေးသည်။
တဖန် စာအုပ်ရောက်ရှိလာလျှင် မောင်မြင့်အိမ်က အဆောင်မှူးအိမ်သို့ ပို့ပေးသည်။ အဆောင်မှူးက နိုင်ငံရေးစာအုပ်များ အပါအဝင် ထောင်မှတားမြစ်ထားသည့် စာအုပ်များအား နံနက် အဆောင်ဖွင့်ချိန် နှစ်အုပ်၊ နေ့လယ် အဆောင်ဖွင့်ချိန် နှစ်အုပ် ယူလာပေးသည်။ အပျော်ဖတ်စာပေများကတော့ သက်သာမှတဆင့် တရားဝင်သွင်းသည်။
တဖြည်းဖြည်းနှင့် ကျနော်တို့အဆောင် စာကြည့်တိုက်မှာ စည်းစနစ်နှင့် ငှားရမ်းမှု၊ စာအုပ်ပြည့်စုံမှုတို့ကြောင့် ထောင်တွင်း နာမည်ကြီးလာပြီး အခြားထောင်မှ လာစစ်သည့် ညွှန်ကြားရေးမှူးကိုယ်တိုင်ပင် စိတ်ဝင်တစားရှိလာပြီး ဆရာဆန်းလွင် ရေးသားသည့် တအုပ်လျှင် သုံးသောင်းခန့် တန်ဖိုးရှိသော ဘာသာရေးစာအုပ်နှစ်အုပ်ပင် ဝယ်ယူပို့ဆောင် လှူပေးခဲ့သည်။ မှတ်မှတ်ရရ “ကမ္ဘာပေါ်ရှိ ကိုးကွယ်ရာ ဘာသာကြီးများ” နှင့် “ဗုဒ္ဓဘာသာကောင်းတဦး” ဆိုသည့် စာအုပ်များ ဖြစ်သည်။
ထို့အပြင် အမျိုးသမီးအဆောင်မှ အမျိုးသမီးတာဝန်ခံ ထောင်မှူးကြီးမှ တလလျှင် အမျိုးသမီးအဆောင်သို့ အုပ်ရေ ၅၀ စာရင်းနှင့်တကွ ငှားရမ်းပေးရန်နှင့် တလပြည့်ချိန်တွင် အဆိုပါအုပ် ၅၀ ပြန်အပ်ပြီး နောက်ထပ် အုပ် ၅၀ ဖြင့် လဲလှယ်ငှားရမ်းပေးရန် ထောင်ပိုင်ကြီးမှတဆင့် မေတ္တာရပ်ခံလာသဖြင့် လစဉ် အမျိုးသမီးအဆောင်သို့ အုပ်ရေ ၅၀ ငှားရမ်းပေးရသည်။
ထို့အတူ စာအုပ်ကောင်းကြိုက်သူ တန်းစီးချုပ် အပါအဝင် အခြားအမှုအကျဉ်းသား ၁၀ ဦးမှ ပိုက်ဆံစုကာ လစဉ် စာအုပ်ကောင်းများအား မှာယူပြီး အလှည့်ကျဖတ်သည့် စနစ်လေးလည်း ဖြစ်ပေါ်လာသော်လည်း ပိုက်ဆံစိုက်ထုတ်သည့် ၁၀ ဦးအပ အခြားသူများအား မငှား။ အဆိုပါစာအုပ်များအားလည်း ကျနော်တို့စာကြည့်တိုက် အမည်ခံကာ မှာယူပေးရခြင်း ဖြစ်သည်။
သို့နှင့် ကျနော်တို့ထောင်တွင် ပင်မထောင်စာကြည့်တိုက်၊ အမျိုးသမီးဆောင် စာကြည့်တိုက်နှင့် ကျနော်တို့ အဆောင်ပိုင် နိုင်ငံရေးအကျဉ်းသားများ သီးသန့်ပိုင် စာကြည့်တိုက်ဟူ၍ စာကြည့်တိုက် ၃ ခု ရှိလာခဲ့သည်။
စက်တင်ဘာလလောက်တွင် အနုပညာနှင့် ပတ်သက်သည့် စာအုပ်များပါ ဝယ်ယူကာ စာကြည့်တိုက်တွင် တင်နိုင်ခဲ့သည်။ ခေတ်ပေါ်ကဗျာဆရာများ၏ ကဗျာပေါင်းချုပ်များ၊ အက်ဆေးပေါင်းချုပ်များ၊ ထင်းရှူးပင်ရိပ်၊ စာပေသီအိုရီများဖြစ်သည့် ဖတ်စာ၊ ပြိုင်မြင်းတို့၏ခွာသံ စသည့်စာအုပ်များ ရောက်ရှိလာသဖြင့် သမိုင်း၊ ဘာသာရေး၊ သုတ၊ ရသ၊ နိုင်ငံရေး၊ အပျော်ဖတ်၊ ကာတွန်း၊ ရုပ်ပြ၊ မဂ္ဂဇင်း စသဖြင့် မပြည့်စုံသော်လည်း အမျိုးအစားစုံလင်သည့် စာကြည့်တိုက်တခု ဖြစ်လာခဲ့သည်။ သုံးလတကြိမ် စာအုပ်ပျောက်ရှများကိုလည်း စစ်ဆေးကာ စနစ်တကျ လုပ်လာသဖြင့် စာအုပ်ပျောက်ဆုံးမှု လျော့နည်းလာသလို ပျောက်ဆုံးစာအုပ်များအားလည်း ကော်မတီမှ အခြားအမှုအဆောင်များမှတွေ့လျှင် ပြန်ယူလာသလို ပျောက်ဆုံးစာအုပ်များအား စာရင်းလုပ်ကာ အခြားအမှုအခန်းများရှိ အခန်းလူကြီးနှင့် စည်းကမ်းထိန်းများထံ အကြောင်းကြားထားသဖြင့် တလာစီချိန် တွေ့ရှိလျှင် ၎င်းတို့မှ ပြန်လည် သိမ်းဆည်းပေးသောကြောင့် ယခင်ပျောက်ဆုံးစာအုပ်များပါ ပြန်လည်ရယူနိုင်ခဲ့သည်။
အဆောင်မှူး ပြောင်းရွှေ့သွားပြီးနောက် နောက်အဆောင်မှူးမှာ နိုင်ငံရေးအကျဉ်းသားများဘက်မှ မားမားမတ်မတ်ရပ်သူ ဖြစ်သော်လည်း စာအုပ်စာပေကိစ္စ စိတ်မဝင်စား။ ထို့ကြောင့် ထောင်မှ တားမြစ်ထားသည့် စာပေများနှင့် နိုင်ငံရေးစာအုပ်များ ထောင်ပိုင်ရုံးခန်း ဖြတ်ကျော်ရေးနှင့် မိန်းဂျေးမှ ဖြတ်ကျော်ရေးမှာ အခက်အခဲဖြစ်လာသဖြင့် စာကြည့်တိုက်ကော်မတီမှာ ခေါင်းချင်းဆိုင်ရပြန်သည်။
စုံစမ်းချက်အရ သက်သာသို့ ရောက်ရှိလာသည့် စာအုပ်များမှာ သက်သာမှတဆင့် တန်းစီးချုပ်ထံ ရောက်လာပြီး တန်းစီးချုပ်မှ ထောင်ပိုင်ရုံးခန်းသို့ လက်မှတ်ထိုးရန် ယူဆောင်ကာ ထောင်ပိုင်လက်မှတ်ထိုးပြီးချိန် တန်းစီးချုပ်မှ ပြန်ယူ၍ ပါဆယ်ပို့သူများမှတဆင့် သက်ဆိုင်သူထံ ပို့ရကြောင်း သိလာရသည်။
သက်သာမှာ အမျိုးသမီးဆောင် တာဝန်ခံထောင်မှူးကြီး တာဝန်ခံရသည့်ဌာန ဖြစ်သဖြင့် ကျနော်တို့စာကြည့်တိုက်မှလည်း ၎င်းတို့စာကြည့်တိုက်အား ငှားရမ်းနေရသောကြောင့် စာအုပ်များ တန်းစီးချုပ်ဆီသို့ အကုန်ရောက်ရှိမည်ဖြစ်သည်။ ထို့အပြင် တန်းစီးချုပ်လည်း ကျနော်တို့နှင့် ခင်မင်နေပြီး စာအုပ်ငှားရမ်းနေသဖြင့် မပျောက်မရှ ရောက်ရှိမည်ဖြစ်သည်။ တခုရှိသည်မှာ ထောင်ပိုင်လက်မှတ်ထိုးသည့်နေရာ ဖြတ်ကျော်ရေး။
အဆိုပါတာဝန်ကို မောင်မြင့်က ယူသည်။ စာအုပ် တန်းစီးချုပ်လက် ရောက်သည်နှင့် တန်းစီးချုပ်က လာပြောသည်။ ထောင်မှ ခွင့်ပြုမည်မဟုတ်သော စာအုပ်များအား တန်းစီးချုပ်ထံမှယူပြီး စာကြည့်တိုက်သို့ တန်းပို့သည်။ ထိုနည်းဖြင့် စာအုပ်သယ်ယူရေးလမ်းကြောင်း ကော်မတီမှ ဖောက်ခဲ့သည်။
ဗကသအလံမျက်နှာဖုံးပါသည့် စာအုပ်များ၊ NLD အလံ မျက်နှာဖုံးပါသည့် စာအုပ်များနှင့် နိုင်ငံရေးဆိုသည့် ခေါင်းစဉ် ပြူတူးပြဲတဲနှင့် စာအုပ်များ၊ ကွန်မြူနစ်ဝါဒ စသည့်စာအုပ်များ ထိုနည်းဖြင့် အကုန်သွင်းနိုင်ခဲ့သည်။
လူ့အခွင့်အရေးကော်မရှင်က လာစစ်စဉ်ကလည်း ကျနော်တို့စာကြည့်တိုက်အား နှစ်သက်ကာ စာအုပ်အစုံ ၂၀၀ ထောင်ပိုင်ကြီးထံသို့ လှူဒါန်းသွားသည်။ အဆိုပါစာအုပ်များအား ကျနော်တို့ အဆောင်မှ အုပ် ၇၀၊ ထောင်စာကြည့်တိုက်မှ အုပ်ရေ ၇၀၊ အမျိုးသမီးဆောင် စာကြည့်တိုက်မှ ၆၀ ရရှိခဲ့သည်။
သို့သော်လည်း တဖက်တွင်မူ စာကြည့်တိုက်အတွက် ရန်ပုံငွေမထည့်လည်း ဖတ်နိုင်သဖြင့် ရန်ပုံငွေထည့်ဝင်မှု နည်းလာခြင်း၊ ရန်ပုံငွေနည်းလာသဖြင့် စာအုပ်အစုံအလင် မဝယ်ယူနိုင်ခြင်းအပေါ် ပြစ်တင်မှုများ ရှိလာခြင်းတို့ကြောင့် ကော်မတီမှ အစည်းအဝေးခေါ်ယူကာ အကြိမ်ကြိမ် လက်ရှိအခက်အခဲကို တိုင်ပင်ဆေးနွေးကာ ပြောပြဆွေးနွေးသော်လည်း ဆေးနွေးစဉ်ခနသာ အဆင်ပြေပြီး ရက်ကြာလာသည်နှင့်အမျှ အဆင်မပြေ ဖြစ်လာသဖြင့် ဒီဇင်ဘာတွင် ကော်မတီအသစ်ဖွဲ့ကာ လွှဲပြောင်းခဲ့သည်။
တဖက်တွင်လည်း စာကြည့်တိုက် စတင်ခဲ့သည့် ကော်မတီမှာ ၅၀၅ (က) အမှုများဖြစ်ပြီး ဖမ်းဆီးခံရခြင်းနှင့် ထောင်ကျမှုများမှာ ၅ ဦးလုံး တလစော၊ တလနောက်ကျသူများသာ ဖြစ်ရာ လွတ်ရက်များမှာ မတိမ်းမယိမ်း ဖြစ်သည်။ ထို့ကြောင့် လွတ်/ငြိမ်းလာလျှင် အတူတူလွတ်မည့်သူများဖြစ်ရာ ကော်မတီအနေဖြင့် နောက်ကော်မတီအား ကြိုတင်လွှဲပြောင်းထားရန် လိုအပ်မည်ကိုလည်း တိုင်ပင်သဘောတူခဲ့ကြသည်။
သို့သော် စာအုပ်မှာယူမှုနှင့် စာအုပ်သွင်းမှုအား ကော်မတီအဟောင်းမှပင် ဆက်လက်ပေးခဲ့ရသည်။ ထိုသို့နှင့် စာကြည့်တိုက်လွှဲပြောင်းပေးပြီး တလမပြည့်ခင် စာကြည့်တိုက်ကော်မတီအဟောင်း တခုလုံး လွတ်/ငြိမ်းတွင် ပါဝင်ခဲ့သည်။
စာကြည့်တိုက်ကော်မတီအသစ်မှ တချို့သော သူများမှာလည်း နောက် ၃ လခန့်အကြာ ရောက်လာသည့် လွတ်/ငြိမ်းတွင် ပါဝင်သွားခဲ့သည်။
ယခုတော့ အဆိုပါစာကြည့်တိုက်အသံကို မကြားရတော့ပါ။ မနှစ်က ကျနော်တို့အဆောင်ကို ကိုင်တွယ်သော တာဝန်ခံအဆောင်မှူးမှ အခြားထောင်သို့ ပြောင်းလိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား အခြားအမှုများရှိသည့် အဆောင်သို့ပို့ပြီး အခြားအမှုများနှင့် ရောနှောထားလိုက်ကတည်းက စာကြည့်တိုက် ပျက်သွားပြီဟု သိရသည်။
စာအုပ်များအားလည်း ထောင်ပင်မစာကြည့်တိုက်တွင် ထားရန် သိမ်းယူသွားသည့်အတွက် စာကြည့်တိုက် ပျက်သွားခြင်းလည်း ဖြစ်သည်ဟု သိရသည်။ သို့သော် ထောင်စာကြည့်တိုက်တွင် အဆိုပါစာအုပ်များကို ငှားရမ်းမည်မဟုတ်ဘဲ သိမ်းဆည်းထားမည်မှာ သေချာပါသည်။
စာအုပ်များသည် ကျနော်တို့ မိမိပိုက်ဆံဖြင့် ဝယ်ယူထားသည့် စာအုပ်များဖြစ်သဖြင့် ထောင်က သိမ်းယူလျှင် ပြန်လည်တောင်းဆိုသင့်သည်ဟု ကျနော်တို့ မြင်သော်လည်း ကျနော်တို့မှာလည်း ထောင်မှ လွတ်မြောက်နေပြီဖြစ်၍ ဝယ်ယူထားသည့် စာအုပ်များနှင့် ကျနော်တို့ ခက်ခဲစွာ စာကြည့်တိုက်တည်ထောင်မှုအပေါ် နှမြောရုံသာ တတ်နိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံရေးအကျဉ်းသားများသည် ထောင်အတွင်းမှာပင် ထောင်အတွင်း မဖတ်ရသည့် နိုင်ငံရေးစာအုပ်များ အပါအဝင် အုပ်ရေ ၁,၀၀၀ ကျော်ဖြင့် ကိုယ်ပိုင်စာကြည့်တိုက်တခု ရအောင်ဖန်တီးပြီး တနှစ်ကျော် တည်တံ့အောင် လုပ်ကိုင်နိုင်ခဲ့မှုသည် နိုင်ငံရေးအကျဉ်းသားများ၏ အကျပ်အတည်းကြားမှ အကျိုးရှိစွာ လုပ်ဆောင်နိုင်မှုတခုအဖြစ် ပြောမှတ်စရာတခု ဖြစ်နေမည်မှာ သေချာပါသည်။
ရဲထွန်းဦး