ဧရာဝတီတိုင်းက ထွက်ရှိတဲ့ စိုက်ပျိုးရေးထွက်ကုန် စိန်တလုံးသရက်နဲ့ ရင်ကွဲသရက်သီးတွေ ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချနိုင်ခြင်း မရှိတာကြောင့် ဈေးကောင်းမရ ဖြစ်နေပြီး စိုက်ပျိုးတဲ့သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ သရက်ခြံလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်းက စိန်တလုံးနဲ့ ရင်ကွဲ သရက်သီးတွေကို အရင်က ပြည်ပဈေးကွက်ဖြစ်တဲ့ စင်ကာပူ၊ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းခဲ့တာကြောင့် နိုင်ငံရေးအကျပ်အတည်းတွေဖြစ်ပြီး ပြည်ပဈေးကွက် ပျက်ကာ တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးတာနဲ့ တင်ပို့တဲ့အခါမှာလည်း တရုတ်ဈေးကွက် တခုတည်းကို အကန့်အသတ်နဲ့သာ တဖက်ဈေးကွက်က လိုသလောက်ပဲ တင်ပို့နေရတာကြောင့် ဈေးကောင်းမရ ဖြစ်နေတာလို့ သိရပါတယ်။
ဖျာပုံမြို့မှ စိန်တလုံးသရက်ခြံ လုပ်ငန်းရှင်တယောက်က “စိန်တလုံးနဲ့ ရင်ကွဲသရက်ဈေးကွက်က တော်တော်လေး ထိုးကျနေတယ်။ ဒီသရက်တွေက ပြည်ပဈေးကွက်ပဲ အားကိုးရတာ။ ပြည်တွင်းဈေးက ဒီလောက်မကောင်းဘူး။ လက်ရှိ သရက်ပေါ်ချိန်မှာ မနှစ်ကထက် ဈေးပိုကျလာတယ်။ ပြည်တွင်းဈေးတခုတည်းကို အားကိုးနေရတာလေ။ ဈေးက ဘယ်ရမလဲ။ အရင်က ပြည်ပဈေးကွက်ရှိတော့ တင်ပို့ ရောင်းအားသွက်သလို ဈေးကောင်းလည်းရတယ်။ ဈေးကောင်းရရှိတော့ စိုက်ပျိုးတဲ့ လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေကော၊ ကုန်သည်တွေပါ အဆင်ပြေခဲ့တယ်။ အခုတော့ အကုန်ငုတ်တုတ်မေ့နေတယ်” လို့ ပြောပါတယ်။
လက်ရှိ ပြည်တွင်းဈေးကွက်မှာ စိန်တလုံးသရက်ဈေးအနေနဲ့ အရင်က ၁၆ ကီလို တခြင်းကို ငွေကျပ် ၇၅,၀၀၀၊ ရင်ကွဲသရက်သီး ၁၆ ကီလို တခြင်းကို ၅၅,၀၀၀ ဈေးအထိ ပေါက်ခဲ့ပြီး လက်ရှိမှာတော့ စိန်တလုံးသရက် ၁၆ ကီလို တခြင်းကို ငွေကျပ် ၄၂,၀၀၀၊ ရင်ကွဲသရက်သီး ၁၆ ကီလို တခြင်းကို ၃၂,၀၀၀ အထိသာ ဈေးရှိတော့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှ သရက်သီးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “လုပ်လို့ကိုင်လို့ အဆင်ပြေဘူးဆို အကုန်အဆင်မပြေ ဖြစ်လာတာ။ ပိုးကျ ပျက်စီးလို့ ဆုံးရှုံးရတာနဲ့ ဈေးမရတာနဲ့ အမျိုးမျိုးပဲ။ ရသလောက်လေးနဲ့ မငတ်ရေး လုပ်လာတာ။ ဈေးက ကောင်းကောင်းမရတဲ့အပြင် အခုနှစ် သရက်ရာသီမှာ ခြံဖြတ်စနစ်နဲ့ ဝယ်ထားတာတွေ အရင်းအနှီးအတွက် ပြန်ရဖို့ မနည်းလုပ်နေရတယ်။ အရင် ၃ နှစ်လောက်ကလို အလုပ်လုပ်ရတာ အဆင်မပြေဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စိန်တလုံးနဲ့ ရင်ကွဲသရက် စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းကို ဝါးခယ်မ၊ ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ မော်လမြိုင်ကျွန်း မြို့နယ်နဲ့ ပန်းတနော်၊ သာပေါင်း၊ ဇလွန် စတဲ့မြို့နယ်တွေမှာ အဓိက လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းက သရက်စိုက်ပျိုးရေး လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကောင်းမရ ဖြစ်နေတဲ့အပြင် အစာဖိုး၊ ဆေးဖိုးတွေ ကုန်ကျမှုများလာလို့ အသီးတင်ဖို့ ကြွေးရတဲ့ သွင်းအားစုစရိတ်တွေ အဆမတန် ဈေးထိုးတက်နေတာကြောင့် အရင်လို အသုံးမပြုနိုင်ဘဲ သရက်သီး အထွက်နှုန်းတွေလည်း ကျဆင်းနေတယ်လို့ ဆိုပါတယ်။