ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းတိုက်နယ်ဆေးရုံကို ဇွန် ၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် သေဆုံးပြီး ဆေးရုံတက်နေတဲ့လူနာတချို့လည်း ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆေးရုံနဲ့ နီးစပ်သူတယောက်က “ဆေးရုံအဆောင်၊ ဆေးရုံအသုံးအဆောင်တွေနဲ့ ဆေးဝါးတွေ ပျက်စီးကုန်ပါတယ်ဗျာ။ ကလေးငယ် ၁ ယောက်လည်း ဆုံးသွားပါတယ်။ လူနာတွေထဲက ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်။ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခံရလို့ ဆေးကုသမှုခံယူနေတဲ့ လူနာတွေကို နေရာရွှေ့ပြောင်းနေရတဲ့အတွက် ဒဏ်ရာရတဲ့လူနာတွေကို စာရင်းပြုစုနေဆဲဖြစ်ပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတယောက်က “အခုရက်ပိုင်းထဲ ဒီရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ အကြမ်းဖက်စစ်တပ်က ဆေးရုံကို တမင်ဗုံးကြဲတာ။ ပေါင် ၅၀၀ ဗုံး ကြဲချခဲ့တာပါ” လို့ပြောပါတယ်။
အခုရက်ပိုင်းမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းက မိုးမောက်မြို့နယ်နဲ့ မံစီမြို့နယ်တို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာလည်း မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာ ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဆေးကုသမှုခံယူနေသူ ၅ ယောက် သေဆုံးပြီး ဆေးရုံပျက်စီးမှုတန်ဖိုး ကျပ်သိန်း ၁ သောင်းနီးပါး ဆုံးရှုံး ခဲ့ရပါသေးတယ်။