ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ လူငယ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုခင်မောင်ဝင်း(ခ) ဂန်ဘာရီ အပါဝင် ရခိုင်လူငယ် ၄ ယောက်ကို စစ်ကောင်စီက မေ ၃၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ANP ပါတီဝင် ကိုခင်မောင်ဝင်းအပါဝင် ရခိုင်လူငယ် ၄ ယောက်ကို ရန်ကုန်၊ လှိုင်မြို့နယ်က သူတို့ရဲ့ နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိအချိန်အထိ ဘယ်မှာ ထိန်းသိမ်းသွားတယ်ဆိုတာ မသိရသေးဘူးလို့ ကိုခင်မောင်ဝင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“ကိုခင်မောင်ဝင်း အပါအဝင် ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတာက ဟုတ်တယ်။ ဘာကြောင့်ဖမ်းတယ် ဆိုတာမသိရသေးဘူး။ လက်ရှိအထိလည်း ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာကိုလည်း မသိရသေးဘူး” လို့ ပြောပါတယ်။
အခု ဖမ်းဆီးခံရတဲ့ ကိုခင်မောင်ဝင်ဟာ စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးလှုပ်ရှားမှုနဲ့ ကင်းကွာနေသူတယောက်ဖြစ်ပြီး လက်ရှိမှာ နိုင်ငံရေးသိပ္ပံကို လေ့လာနေသူတယောက်ပဲ ဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေကပြောကြပါတယ်။
ကိုခင်မောင်ဝင်းနဲ့အတူ ဖမ်းဆီးခံထားရတဲ့ နောက်ထပ် ရခိုင်လူငယ် ၃ ယောက်ရဲ့ အမည်တွေကိုတော့ အတိအကျမသိရသေးပါဘူး။
ရခိုင်ပြည်အတွင်း ထင်ရှားတဲ့လူငယ်တယောက်ဖြစ်တဲ့ ကိုခင်မောင်ဝင်းဟာ ပါတီနိုင်ငံရေး လမ်းစဉ်နဲ့ နိုင်ငံရေးလှုပ်ရှားခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီက ရခိုင်အမျိုးသားပါတီ(ANP)ကို ပါတီမှတ်ပုံတင် မပေးသေးတဲ့အတွက် ပါတီလုပ်ငန်းစဉ်တွေကို ရပ်တန့်ထားရပါတယ်။